ဘုန်းလျှံကတော့ မေလ(၆) ရက်နေ့မှာ ဘုန်းကြီးဝတ်မယ်လို့ ပြောပါတယ်။
သရုပ်ဆောင် ဘုန်းလျှံကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးပြီး သာသနာ့ဘောင်ထဲဝင်မယ်လို့ ဆိုပါတယ်။ မိခင်ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရတဲ့အတွက်လည်း နောင်တရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ အမေ့အတွက် ခံစားချက်ကတော့ ပြောမပြတတ်လောက်အောင်ပါပဲ။ အမေဆိုတာ အစားထိုးလို့မရဘူးလေ။ လူ့ဘဝရယ်လို့ ဖြစ်လာရင် ဆုံးတာက ဆုံးကြမှာပါပဲ။ တစ်နေ့တော့ ဒီလမ်းကို လူတိုင်း သွားကြရမှာပါပဲ။ ကိုယ့်အမေအရင်းတစ်ယောက် သေသွားတာတောင် ကိုယ်ကိုယ်တိုင် အသုဘကို လိုက်မပို့လိုက်ရတဲ့ အနေအထားက အရမ်းကို ဆုံးရှုံးရပါတယ်။ ဒါကလည်း နောင်တရစေလောက်တဲ့ အကြောင်းတစ်ခုပါ။ ကျွန်တော် ဘုန်းကြီးဝတ်မယ့် အချိန်မှာ အမေ့ကို ရှိစေချင်တယ်။ အခုက အဖေရှိတယ်။ ဒါပေမယ့် အဖေရော၊ အမေရောကို ရှိစေချင်ပါတယ်” လို့ သူကဆိုပါတယ်။
ဘုန်းလျှံဟာ ထောင်ကထွက်လာပြီးချိန်မှာ ပထမဆုံးအနေနဲ့ ဘုန်းကြီးဝတ်မှာဖြစ်ပါတယ်။ မိခင်ဖြစ်သူကိုလည်း ဒီ ကုသိုလ်ကို ဝေမျှချင်တယ်လို့လည်း သူက ပြောပါတယ်။
“ ကျွန်တော် မေလ (၆) ရက်နေ့ကျရင် တာမွေမြို့နယ်မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်မယ်။ အမေ့အတွက်လည်း ကုသိုလ်အမျှ ပေးချင်တဲ့ဆန္ဒရှိတယ်။ ကောင်းတဲ့ အရာကို လုပ်တာဖြစ်တဲ့အတွက် ဘာစိတ်ကူးမှ မလိုပါဘူး။ ဘုန်းကြီးဝတ်တာကတော့ (၁၁) ရက်ကြာပါမယ်။ ပီတိကတော့ ပြောမပြတတ်အောင် ဝမ်းသာမိတာတော့ အမှန်ပါပဲ။ ဘုန်းကြီးဝတ်တဲ့အချိန်မှာလည်း ကျွန်တော့် အဒေါ်တွေက သင်္ကန်းပရိက္ခရာတွေ လှူပေးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကလည်း ဆွမ်းတွေ ကျွေးပေးတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။