မြတ်ကေသီအောင်က သူအလှူလုပ်ချင်လွန်းတဲ့ ပရဟိတမိဘမဲ့ကျောင်းလေးမှာ အလှူလုပ်ခွင့်ရလို့ ဝမ်းသာနေပါတယ်။ သူ့ရင်ထဲက ခံစားချက်တွေကိုလည်း ရင်ဖွင့်ပြောပြလာခဲ့ပါသေးတယ်။
Photo: Myat Kay Thi Aung
သရုပ်ဆောင် မြတ်ကေသီအောင် ကတော့ မိခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့ ၆နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ဒီဇင်ဘာလ ၈ ရက်နေ့က YGW ပရဟိတမိဘမဲ့ကျောင်းမှာ အလှူအတန်းတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီအလှူမှာ ပါဝင်ပေးတဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။
"ဟိုး အရင်ကတည်းက အဲဒီနေရာလေးမှာလှူချင်တာ စိတ်ထဲရှိပြီး အကောင်အထည်မဖော်နိင်ခဲ့ဘူး။
အခုတော့ ခရီးသွားရင်း မရည်ရွယ်ပဲနဲ့ ကလေးတွေအတွက် အမေကွယ်လွန်တာ ၆ နှစ်ပြည့်တဲ့ရက်မှာ တိုက်တိုက်ဆိုင်ဆိုင်လှူလိုက်ရတာ ပီတိဖြစ်မိတယ်။ ကေ ကိုချစ်တဲ့စိတ်နဲ့ အလှူငွေဝိုင်းထည့်ကြပေမယ့် သူတို့ နာမည်မတပ်ပဲ အမေ့နာမည်လေးပဲတပ်ပြီး ကုသိုလ်ယူကြတဲ့သူတွေအားလုံး နဲ့ တကွ လှူဖြစ်အောင်စုံစမ်းပေးတဲ့ အမသန္တာ အလှူ လှူဖြစ်အောင် ဦးဆောင်ပေးတဲ့ အစ်ကိုကြီးကိုသန့်ကိုလည်း အထူးကျေးဇူးတင်ပါတယ်"ဆိုပြီးတော့ အစပျိုးရင်း ရင်ဖွင့်လာခဲ့ပါတယ်။
Photo: Myat Kay Thi Aung
သူမဟာ YGW ပရဟိတမိဘမဲ့ဂေဟာမှာ အလှူအတန်းလုပ်ချင်ခဲ့တာ တော်တော်ကြာပြီလို့ ဆိုပါတယ်။ မြတ်ကေသီအောင်ဟာ YGW ပရဟိတမိဘမဲ့ဂေဟာမှာ ငွေကျပ် ၃ သိန်းလှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ကလေးတွေနဲ့ အတူတူဆော့ကစားပေးခဲ့တာကို တွေ့ရပါတယ်။ကိုယ်တိုင် လှူခွင့်ရရှိလာတဲ့အချိန်မှာလည်း ရင်ထဲမှာ အရမ်းခံစားရတယ်လို့ ပြောပါတယ်။
"ကလေးလေးတွေ ကြည့်ရင်းဝမ်းနည်းလာသလို ခုလို အနေအထားမျိုးနဲ့မြင်ရတာဟာ အတိတ်ဘဝကဝဠ်ကြွေးတွေကြောင့်ဆိုရင် ဒီဘဝ ဒီမျှနဲ့ပဲ ကြေပါစေတော့ ကလေးတို့ရယ်" ဆိုပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ ပြုခဲ့တဲ့ ကုသိုလ်အလှူအတွက် ပရိသတ်တွေကလည်း Comment ကနေတဆင့် သာဓုခေါ်ဆိုခဲ့ကြတာ တွေ့ရပါတယ်။
Photo: Myat Kay Thi Aung
မြတ်ကေသီအောင်(Myat Kay Thi Aung) ဟာ ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထားတုန်းပါပဲ။ လက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေအများကြီးရရှိခဲ့ဖူးတဲ့ မြတ်ကေသီအောင်ဟာ အခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးကိုဘဲ အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ မောင်လေးအရင်းနဲ့အတူ Coffee Lu Gallery ဆိုတဲ့ ကိုယ်ပိုင်ဆိုင်လေးကို မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတာပါ။