အရွယ်မရောက်ခင် (ဒါမှမဟုတ်) အတင်းအကျပ်အိမ်ထောင်ချပေးတာတွေရဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာနိုင်ငံက မိဘတွေ၊ အုပ်ထိန်းသူတွေရဲ့ အတွေးမှားတွေနဲ့ စိုးရိမ်မှုလွန်ကဲခြင်းတွေကြောင့်ဖြစ်လာရတာပါ။
မိဘတွေရဲ့ အတွေးမှားတွေ
မိဘတွေရဲ့ အတွေးမှားဆိုတဲ့နေရာမှာ မိန်းကလေးဖြစ်တဲ့အတွက်ကိုယ့်ဘဝကိုယ် ဦးဆောင်ပြီး ရပ်တည်နိုင်မှာမဟုတ်ဘူး၊ အိမ်ထောင်ဘက်လိုတယ်၊ မိဘတွေ ၊ အိမ်ထောင်ဘက်တွေစောင့်ရှောက်ပေးမှသူ့ဘဝကို ရပ်တည်နိုင်မယ်လို့ တွေးတတ်ကြပါတယ်။ ဒီမိန်းကလေးရဲ့ အနာဂတ်ကို အိမ်ထောင်ဖက်ကပဲ ဆက်တာဝန်ယူရမယ်လို့ မြန်မာနိုင်ငံက မိဘတော်တော်များများက တွေးတတ်ကြတာကို တွေ့ရပါတယ်။
လွဲချော်နေတဲ့ စိုးရိမ်ပူပန်မှုတွေ
သမီးမိန်းကလေးဖြစ်တဲ့အတွက် မဖြစ်သင့်တာမဖြစ်ရစေဖို့ဆိုတဲ့စကားက မြန်မာနိုင်ငံမှာ အသုံးများကြပါတယ်။ ဥပမာ- ချစ်သူနဲ့ လူငယ်သဘာဝ ခြေလွန်လက်လွန်ဖြစ်တာပဲ ဖြစ်ဖြစ်၊ လိင်အကြမ်းဖက်ခံရတာမျိုးပဲဖြစ်ဖြစ် မဖြစ်စေဖို့အတွက် စောစောစီးစီး အိမ်ထောင်ချပေးလိုက်တာက ရင်အေးရသလို သမီးကညာ အခါမလင့်စေနဲ့ဆိုတဲ့ စကားမျိုးကလည်း စံသတ်မှတ်ချက်တစ်ခုလို ဖြစ်လာကြပါတော့တယ်။
သမီးမိန်းကလေးကို ရောင်းကုန်အဖြစ်သတ်မှတ်
တချို့နေရာတွေမှာတော့ သမီးမိန်းကလေးကို ရောင်းကုန်တစ်ခုလို သဘောထားတဲ့ ကိစ္စမျိုးတွေလည်း ရှိပါတယ်။ မိဘတွေအနေနဲ့ ပစ္စည်းဥစ္စာဂုဏ်ဒြပ်ကို မက်မောမှုနဲ့ သမီးမိန်းကလေးအတွက် တင်တောင်းကြေးအများအပြားရရှိတဲ့အခါ သမီးမိန်းကလေးရဲ့ သဘောတူကြည်ဖြူမှု ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို လျစ်လျူရှုပြီး အတင်းအကြပ်လက်ထပ်စေခိုင်းမှုတွေ ဖြစ်လာတတ်ကြတယ်။
အတင်းအကြပ်လက်ထပ်စေခိုင်းခံရတဲ့ အမျိုးသမီးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးဖြစ်လာကြရှာပါတယ်။
ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုင်းဆိုင်ရာမှာဆိုရင်တော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြုံတွေ့ရနိုင်သလို HIV နဲ့ တခြားလိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်ချေပိုများလာပါတယ်။
နောက်တစ်ခုကတော့ အသက် ၁၀ နှစ် နဲ့ ၁၉ နှစ်ကြား ဆယ်ကျော်သက် မိခင်တွေက ပုံမှန်ကိုယ်ဝန်ဆောင်ရတာမျိုးတွေထက် ပိုပြီးတော့ ကိုယ်ဝန်ဆိပ်တက်တာမျိုးတွေ ၊ အသက် ၂၀ ကနေ ၂၄ နှစ်အတွင်း အမျိုးသမီးများထက်ပိုပြီး မီးဖွားပြီးချိန် ပိုးဝင်တာ ၊ သားအိမ်ရောင်တာမျိုးတွေ အပြင်ဆယ်ကျော်သက်အရွယ် မိခင်တွေရဲ့ ကလေးတွေက ပေါင်မပြည့်ဘဲ မွေးဖွားခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းနဲ့ မွေးကင်းစအရွယ်မှာ ပြင်းထန်သော အခြေအနေတွေတွေ့ကြုံနိုင်ပါတယ်၊ ဒါ့အပြင် မိခင်ရော ကလေးမှာပါ သေဆုံးမှုနှုန်း မြင့်တက်နိုင်ပါတယ်။
WHO ရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ကလေးမွေးဖွားမှုအများစုက သူတို့အိမ်ထောင်ကျပြီးချိန်အတွင်းမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးစနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးဖွားခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကြောင့် အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်အတွင်း ဆယ်ကျော်သက်မိန်းမငယ်လေးတွေ သေဆုံးမှုအမြင့်ဆုံးလည်း ဖြစ်ပါတယ်။
အမျိုးသမီးငယ်လေးတွေ အိမ်ထောင်ပြုရချိန်မှာ ကျောင်းထွက်လိုက်ကြရပြီး ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ခဲ့တဲ့အတွက် အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းနည်းပါးတာနဲ့ ငွေကြေးအရ ခင်ပွန်းကိုပဲ လုံးလုံးလျားလျား မှီခိုလိုက်ကြရတာမျိုး ဖြစ်လေ့ရှိပါတယ်။
ဒီလိုအခြေအနေအတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲ ဘာတွေ လုပ်ပေးသင့်လဲ
အရေးကြီးဆုံး အချက်အနေနဲ့ကတော့ မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ လူငယ်တွေက အသိဉာဏ်ပွင့်လင်းဖို့ လိုအပ်ပါတယ်။ ကလေးသူငယ်အခွင့်အရေးကို နားလည်ဖို့ လိုသလို လူငယ်တွေက ဘယ်သူ့ကို ဘယ်အချိန်မှာ လက်ထပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။အရွယ်မရောက်ခင်အိမ်ထောင်ကျခြင်းရဲ့ဆိုးကျိုးတွေနဲ့ ကလေးသူငယ်အခွင့်အရေးကို အသိပညာပေးဖို့လည်းလိုပါတယ်။ ပတ်ဝန်းကျင်လူမှုအဖွဲ့အစည်းအနေနဲ့ လည်း ဒီ အရွယ်မရောက်ခင်အိမ်ထောင်ကျခြင်းနဲ့ အတင်းအကြပ် လက်ထပ်စေခိုင်းခံရခြင်းဆိုတဲ့ အလေ့အထကြီး ပပျောက်သွားအောင် ဝိုင်းဝန်းကူညီ တွန်းအားပေးဖို့ လိုအပ်ပါတယ်။ မိန်းကလေးတွေကို အကာအကွယ်ပေးမယ့် ပြဌာန်းပြီးသား ဥပဒေတွေလည်း ပိုမိုစိုးမိုးမှုရှိလာစေဖို့ ၊ ပိုမိုကောင်းမွန်တင်းကြပ်တဲ့ ဉပဒေတွေ ပေါ်ပေါက်လာစေဖို့ လည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီး က ဝိုင်းဝန်းကူညီအဖြေရှာပေးဖို့ လိုအပ်ပါတယ်။
အရွယ်မရောက်ခင်အိမ်ထောင်ကျခြင်းနဲ့ အတင်းအကြပ် လက်ထပ်စေခိုင်းခံရခြင်းတွေ တွေ့ကြုံခဲ့ရတဲ့ အမျိုးသမီးလေးတွေအတွက် ကျန်းမာရေး ၊ ပညာရေးနဲ့ လိင်မှုဆိုင်ရာ ပညာပေးမှုတွေ၊ ဘဝရပ်တည်ရေးအတွက် အကူအညီ နဲ့ အထောက်အပံ့တွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တိုးမြှင့်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ဉပမာအနေနဲ့ ပြောရရင် ကျန်းမာရေးပိုင်းမှာဆိုလည်း အရွယ်မတိုင်ခင် ကိုယ်ဝန်မဆောင်ရစေဖို့ အတွက် သားဆက်ခြားခြင်းဆိုင်ရာ အသိပညာပေးခြင်းနဲ့ အကူအညီတွေ၊ ကိုယ်ဝန်ဆောင်နေချိန်မှာ လိုအပ်တဲ့ ကျန်းမာရေးဆောင့်ရှောက်မှုတွေ၊ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေအတွက် အသိပညာပေးခြင်း၊ ကာကွယ်ခြင်းနည်းလမ်းတွေပေးဖို့လိုအပ်တယ်။ ကိုယ်ဝန်ဆောင်လိုက်ရသူတွေမှာလည်း ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နဲ့ ကလေးမီးဖွားပြီး နောက်ပိုင်းအထိ သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ပါတယ်။
အိမ်ထောင်သည် အမျိုးသမီးငယ်အားလုံးရဲ့ ပညာရေးရှေ့ဆက်နိုင်ဖို့အတွက်လည်း ထည့်သွင်းစဉ်းစားပေးရမှာဖြစ်သလို ဘဝအနာဂတ်အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းလမ်း၊ အထောက်အပံ့အကူအညီတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စတဲ့ အချက်တွေကလည်း မဖြစ်မနေ လုပ်ဆောင်ပေးရမယ့် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။
အထက်ပါ ဆောင်ရွက်ချက်များကြောင့် ရရှိမယ့် အကျိုးကျေးဇူး
ဒီလိုဆောင်ရွက်သွားမယ်ဆိုရင် အရွယ်မရောက်ခင် အတင်းအကြပ် လက်ထပ်စေခိုင်းခံလိုက်ရတဲ့ အမျိုးသမီးတွေအနေနဲ့ လက်ထပ်လိုက်တဲ့ အချိန်မှာပဲ ဘဝလမ်းဆုံးသွားတာမျိုး မဖြစ်တော့ဘဲ မိမိရဲ့ အိမ်ထောင်ရေး၊ မိသားစု နဲ့ မိမိရဲ့ အနာဂတ်ဘဝကို ဆက်လက်ပြီး အကောင်းဆုံးရပ်တည်သွားနိုင်မှာဖြစ်ပါတယ်။ ဒီလို ရပ်တည်သွားနိုင်ခြင်းကြောင့် ကာယကံရှင်ရဲ့ မိန်းကလေးဘဝအတွက်သာမက သူ့ရဲ့မျိုးဆက်သားသမီးတွေအထိပါ အကျိုးကျေးဇူးခံစားသွားရမှာပါ။ မလိုလားအပ်တဲ့ မိခင်သေဆုံးမှုနှုန်းတွေ၊ ကလေးသေဆုံးမှုတွေကိုလည်း လျှော့ချပေးနိုင်ပြီး ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေလည်း အများကြီးရရှိလာနိုင်မှာဖြစ်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ ကျန်းမာရေးဆရာဝန် ဒေါက်တာဖြိုးဝေလင်းရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။