က‌လေးအရွယ်မှာ ကလေးလုပ်ချင်တာတွေကို ဘောင်အတွင်းက ပေးလုပ်နိုင်ဖို့ စဥ်းစားပါ။

မိဘတွေအနေနဲ့ ကလေးကို ပြုစုပျိုးထောင် ရာမှာ ကိုယ့်ကလေးဖြစ်တဲ့အတွက် အစိုးရိမ်လွန်တဲ့စိတ်နဲ့ အရာရာ ထိန်းချုပ်ချင်လာကြပါတယ်။

ဘယ်လောက်ပဲ ခေတ်နဲ့လျော်ညီတဲ့ မိဘအုပ်ထိန်းမှုပုံစံကိုကျင့်သုံးနေပါစေ။ ကိုယ့်ရင်သွေးကို ချစ်တဲ့စိတ်ကြောင့် အရာရာမှာ စိုးရိမ်ပူပန်မှု လွန်ကဲမိသွားနိုင်ပါတယ်။ မိဘတွေရဲ့ ဒီလိုစိုးရိမ်စိတ်လွန်ကဲမှုဟာ ကလေးတွေအပေါ်မှာပဲ ဆိုးကျိုးတွေ ရှိစေနိုင်တာကို မိဘတွေ အမြဲသတိပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးကိုချစ်တဲ့စိတ်ကြောင့်ပဲ ကလေးရဲ့ အနာဂတ်ကို ဖျက်ဆီးမိလိုက်သလို မဖြစ်စေဖို့ အရေးကြီးပါတယ်။



ကလေးမှာ စွန့်စားလိုစိတ်တွေ ပျောက်ဆုံးစေပါတယ်

Photo: Today News

မိဘတွေအနေနဲ့ အစိုးရိမ်လွန်ပြီး ကလေးကို ဟိုမသွားနဲ့ ဒီဟာမလုပ်နဲ့ ဆိုပြီးတော့ အရာရာထိန်းချုပ်တဲ့အခါ ကြာလာတော့ ကလေးမှာ စွန့်စားချင်စိတ်၊ သင်ယူချင်စိတ်တွေ မရှိဘူး ဖြစ်သွားတယ်။ စိုးရိမ်စိတ်လွန်ကဲမှုကြောင့် ကလေးက အရွယ်တစ်ခုမှာ လုပ်သင့်တဲ့ဟာကို မလုပ်ခဲ့တဲ့အတွက်ဖွံ့ဖြိုးမှုနောက်ကျစေပါတယ်။

 ကလေးရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုနှောင့်နှေးစေပါတယ်

Photo: Parents

ဥပမာ-ကလေးက တစ်နှစ်အရွယ်မှာ လမ်းလျှောက်တဲ့အခါ အခန့်မသင့်လို့ မှောက်ကျတာ၊ ခလုတ်တိုက်တာ ပြုတ်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို မိဘက စိုးရိမ်လွန်ပြီးတော့ ကလေးကို ပေးမလုပ်လိုက်တဲ့အခါ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုအရပါ နှောင့်‌‌နှေးစေပါတယ်။

ရှေးဟောင်းအယူအဆတွေကို လွှင့်ပစ်လိုက်ပါ

မိဘတွေအနေနဲ့ ကလေးကို ပြုစုပျိုးထောင်ရာမှာ ရှေးရိုးစွဲအယူအဆတွေကို လွှင့်ပစ်လိုက်ပါ။ ရှေးထုံးလည်းမပယ်နဲ့။ စျေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကား ရှိပေမယ့် ‌ ရှေးထုံးအယူအဆတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ အထူးသဖြင့် ပညာရေးချို့တဲ့ခဲ့တဲ့ မြန်မာနိုင်ငံမှာ အရင်က သိထားသမျှအရာတိုင်းက ကောင်းနေတယ်လို့ ပြောလို့မရပါဘူး။ အသုံးတည့်တဲ့အရာလေးတွေလည်း ရှိသလို အယူအဆအလွဲအမှားတွေလည်း ရှိနေနိုင်ပါတယ်။

ကိုယ်တိုင်လေ့လာပါ

အဓိကက ကလေးတစ်ယောက်မွေးလာပြီဆိုတာနဲ့ ကလေးကို ဘယ်လိုပြုစုပျိုးထောင် ရမလဲ။ ကလေး ရဲ့ သဘာဝက ဘယ်လိုလဲ။ ကလေးတွေ ဖွံဖြိုးမှုက ဘယ်လိုဖြစ်လာနိုင်သလဲ။ မိဘအနေနဲ့ ဘာတွေ လုပ် ရမလဲဆိုတာကို ကိုယ်တိုင်လေ့လာရပါမယ်။ ကလေးတစ်ယောက် ဘယ်လိုကြီးထွားသလဲ။ ဘယ်အရွယ်မှာ ဘာတွေပြုပြင်ပေးသင့်သလဲစတဲ့ ကလေးထိန်းကျောင်းခြင်းနဲ့ပတ်သက်ပြီး အဖေ‌‌ရော အမေပါ ကြိုတင်လေ့လာပါ။

သဘာဝလို့ မှတ်ယူပါ

Photo: Very Well Family

ကလေးချောလဲတာ၊ ကလေး ထမင်းမစားတာ စတဲ့ တစ်ခုခု အခန့်မသင့်ဖြစ်တာတွေကို သဘာဝလို့ သတ်မှတ်ပါ။ ပြင်းပြင်းထန်ထန် ကြီးကြီးမားမားမဟုတ်ပါကလွှတ်ထားပေးလိုက်ပါ။ အဲဒီလို လွှတ်ပေးနိုင်ဖို့ မိဘတွေအနေနဲ့ ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ။ ငယ်စဥ်မှာ မဲ့တစ်ပေါက်လုံးဝမစွန်းဘဲ ဒဏ်ရာမရခဲ့တဲ့ကလေးဆိုရင်တော့ ငယ်တုန်းမှာ ကောင်းချင်ကောင်းပါလိမ့်မယ်။ ကြီးလာပါက သူ့အတွက် အန္တရာယ်ဆိုတာ ဘာမှန်းမသိတော့တဲ့အတွက် အလိုလို ကြောက်စိတ်တွေ ဖြစ်စေနိုင်ပါတယ်။

အမှားတွေကနေ သင်ယူတတ်အောင် လေ့ကျင်ပေးပါ

Photo: Very Well Family

က‌လေးအရွယ်မှာ ကလေးလုပ်ချင်တာတွေကို ဘောင်အတွင်းက ပေးလုပ်နိုင်ဖို့ စဥ်းစားပါ။ ကလေးအရွယ်မှာ များများမှားလေလေ ကလေးအတွက် အတွေ့အကြုံကောင်းတွေ ရစေနိုင်ပါတယ်။ ဥပမာ- ကြီးကြီးမားမားသွေးထွက်သံယိုမဖြစ်ပါက ကလေးက ပြုတ်ကျသွားတယ်ဆိုလည်း ဒါကဖြစ်တတ်တယ်ဆိုပြီး နားလည်ပေးပါ။ သူကိုယ်တိုင်ထနိုင်အောင် အားပေးပါ။ တချို့မိဘတွေက ကလေးပြုတ်ကျတာနဲ့ တစ်ခါတည်းကောက်ချီလိုက်ပါတယ်။ကလေးက အဲဒါကိုနေသားကျသွားတဲ့အခါ ကြာလာရင် ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်စွမ်းမရှိတော့ပါဘူး။ တစ်ယောက်ယောက်ကိုပဲ အားကိုးချင်စိတ်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမှားတွေကနေ သင်ယူချင်စိတ်ဖြစ်အောင်လုပ်ပေးရပါမယ်။

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က