ဟန်ထူးလွင်ဟာ သူ့ရဲ့ ချစ်လှစွာသော သမီးကြီး အိချိုရဲ့ မွေးနေ့အမှတ်တရအဖြစ် ပုံတူပန်းချီကားတစ်ချပ်ကို လက်ဆောင် ပေးခဲ့ပါတယ်။ သမီးတွေရဲ့ စဉ်းစားတွေးခေါ်တတ်မှု အပိုင်းတွေကိုလည်း ဟန်ထူးလွင်က အခုလို ရေးသားခဲ့ပါသေးတယ်။
Photo: Han Htoo Lwin Facebook
သြဂုတ်လ ၁၂ ရက်နေ့ဟာ အဆိုတော် ဟန်ထူးလွင်ရဲ့ သမီးကြီး အိချို ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သမီးဖြစ်သူရဲ့ မွေးနေ့ အမှတ်တရ အဖြစ် ပုံတူ ပန်းချီကား လက်ဆောင်လေးကိုလည်း သူက စီစဉ်ခဲ့ပါတယ်။ သမီးကြီးအိချိုအတွက် မွေးနေ့ဆုတောင်းကိုလည်း ဖေဖေ ဟန်ထူးလွင်က အခု လို ပြောပြခဲ့ပါတယ်။
'' သမီးကြီးရေ happy birthday ပါ။ ပါပါး မနေ့ကပဲ သူငယ်ချင်းတွေကိုပြောပြနေသေးတယ်။ ပါပါး ပန်းချီတစ်ချပ်မှာ ရွှေရောင် ထည့်သင့် မထည့်သင့် မသေချာလို့ ဘေးမှာ game နှိပ်နေတဲ့ သမီးကိုမေးတော့ သမီးကအကြာကြီးစဉ်းစားရှာတယ်။ ပြီးမှသမီးသာပါပါးဆိုရင် ပန်းချီ ကား ပေါ်မှာ ရွှေရောင်ပါရင် ဘယ်လိုလေးဖြစ်သွားမလဲ သိချင်မိမှာပဲလို့ပြောတယ်'' လို့ ဆိုပါတယ်။
သားအဖသုံးယောက်ရှိုးဆိုဖို့ အိပ်မက်ရှိတယ်ဆိုတဲ့ ရင်ဂို
Photo: Han Htoo Lwin Facebook
ဟန်ထူးလွင်မှာတော့ ချစ်စရာကောင်းတဲ့ သမီး နှစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ နားလည်မှုအပြည့်အဝပေးတဲ့ ဇနီးဖြစ်သူကြောင့် လည်း သူတို့ရဲ့ မိသားစု ဘဝလေးဟာ သာသာယာယာလေးပါပဲ။ သမီးတွေရဲ့ စဉ်းစားတွေးခေါ်မှုအပိုင်းနဲ့ ပတ်သက်ပြီး ဟန်ထူးလွင်က သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။
''သမီးကို အဲ့ဒီလိုစဉ်းစားတတ်အောင်သင်ပေးတာပါပါးမှဟုတ်ရဲ့လား။ မဖြစ်နိုင်ဘူးတောင်ထင်မိတယ်။ သမီးဟာ သမီးဘာသာပဲ ကြီးပြင်းချင် တာ။ Game ဆော့တာထက် game ဆော့တဲ့လူတွေအတွက် game ရေးချင်တာ။ အသက်တွေကြီးလာရင် လူတွေဟာပြောင်းလဲ သွားတယ်။ သမီးကို ပါပါ မပြောင်းလဲစေချင်ဘူး။ Cos the way you are is more than perfect. Papa loves you'' လို့ သူကပြောခဲ့ပါတယ်။
Photo: Han Htoo Lwin Facebook
ဟန်ထူးလွင်ကတော့ အခုလက်ရှိမှာ The Voice Of Myanmar ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ဖခင်ဖြစ်သူ ရင်ဂိုရယ်၊ ဟန်ထူးလွင်ရယ်၊ ဟန်နေလွင်လွင်ရယ် သားအဖ သုံးယောက်ပေါင်းပြီး ဖျော်ဖြေပွဲလေးလုပ်ဖို့ စီစဉ်နေတယ်လို့ ရင်ဂိုက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ဟန်ထူးလွင်ဟာ အခုလက်ရှိမှာတော့ သီချင်းအသစ်တွေလည်း ဖန်တီးဖြစ်နေသလို သူဝါသနာပါတဲ့ ပန်းချီလေးတွေရေးဆွဲနေတယ်လို့ သိရပါတယ်။