အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ ပုလဲမွေးမြူရေးစခန်းဝင်းအတွင်း မွေးမြူထားတဲ့ မိကျောင်းကြီးတစ်ကောင်က ၎င်းကိုအစာကျွေးတဲ့ အမျိုးသမီးကို ကိုက်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က အသက် ၄၄ နှစ်အရွယ် ဒေစီတူဝို အမည်ရှိ အမျိုးသမီးဟာ အလေးချိန် ပေါင် ၁,၅၀၀ ကျော်ရှိတဲ့ မိကျောင်းကြီးကို အစာကျွေးနေစဉ် အရှင်လတ်လတ် ကိုက်ဖြတ်ပြီး အစားခံလိုက်ရတယ်လို့ ဆိုပါတယ်။
(မိကျောင်းကိုက်စားခံရသည့် ဒေစီ) (Photo: ShutterStock)
မိကျောင်းကိုက်စားခံရတဲ့ ဒေစီဟာ ပုလဲမွေးမြူရေးစခန်းရှိ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ဒေစီကို ကိုက်သတ်စားခဲ့တဲ့ မိကျောင်းကို ပုလဲမွေးမြူရေးစခန်းမှာ တရားမဝင် မွေးမြူထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မိကျောင်းကြီးက ဒေစီရဲ့ လက်မောင်းနဲ့ ဝမ်းဗိုက်ပိုင်းအများစုကို ကိုက်ဖြတ်စားထားခဲ့ပုံရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါ မိကျောင်းကြီးကိုဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းတစ်ခုကို ပို့ဆောင်ထားကြောင်းနဲ့ ပိုင်ရှင်ဖြစ်သူကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး ဒေစီရဲ့အလောင်းကို လုပ်ဖော်ကိုင်ဖက်တွေက နောက်တစ်နေ့ မနက်ပိုင်းမှာ တွေ့ခဲ့ကြရပါတယ်။
(မိကျောင်းကြီးကို ဖမ်းဆီးရွှေ့ပြောင်းရန် ပြင်ဆင်နေစဉ်) (Photo: AFP)
သတင်းအချို့က ဒေစီဟာ အစာကျွေးနေစဉ် မိကျောင်းဆွဲခံရတာ ဖြစ်တယ်လို့ ပြောကြပါတယ်။ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတွေကတော့ ဒေစီဟာ အစာကျွေးနေစဉ် မိကျောင်းကန်ထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်လို့ ယုံကြည်နေပါတယ်။
ဆူလာဝေစီမြောက်ပိုင်း သဘာဝရင်းမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန (North Sulawesi Natural Resources Conservation Agency - BKSDA) မှ Hendriks Rundengan ရဲ့ ပြောကြားမှုအရ တာဝန်ရှိသူတွေက အဆိုပါ ပုလဲမွေးမြူရေးစခန်းကိုသွားရောက်ပြီး မိကျောင်းကိုရွှေ့ပြောင်းရန် ကြိုးစားခဲ့ဖူးပေမဲ့ ခွင့်မပြုခဲ့ကြောင်း သိရပါတယ်။
(မိကျောင်းကြီးကို ဖမ်းဆီးထားစဉ်) (Photo: BBC)
"ကျွန်တော်တို့ အဲဒီကို အကြိမ်အနည်းငယ် ရောက်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ခြံဝင်းတံခါးက အမြဲတမ်းပဲ သော့ခတ်ထားခဲ့တယ်" လို့ ဇန်နဝါရီ ၁၆ ရက်မှာ BBC Indonesian နဲ့ တွေ့ဆုံခဲ့စဉ် Hendriks Rundengan က ပြောခဲ့ပါတယ်။ AFP သတင်းမှာ ဖော်ပြမှုအရ ၁၄ ပေကျော်ရှည်လျားတဲ့ မိကျောင်းကြီးရဲ့ ဝမ်းဗိုက်အတွင်း ဒေစီရဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းတွေ ရှိနေနိုင်သေးကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့က ပုလဲမွေးမြူရေးစခန်းနဲ့ မိကျောင်း ပိုင်ရှင်ဖြစ်သူ ဂျပန်လူမျိုးတစ်ဦးကို လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှားကျွန်းဆွယ်ဒေသမှာ မိကျောင်းမျိုးစိတ်များ ရှင်သန်ကျက်စားနေကြပြီး လူတွေကို တိုက်ခိုက်မှုနဲ့ ကိုက်သတ်မှုတွေ ပုံမှန်ဖြစ်လေ့ရှိတယ်လို့ AFP သတင်းက ပြောပါတယ်။
၂၀၁၆ ခုနှစ် ဧပြီလအတွင်းကလည်း အင်ဒိုနီးရှား အရှေ့ပိုင်းရှိ Raja Ampat ကျွန်းစုမှာ မိကျောင်းကိုက်ခံရမှုကြောင့် ရုရှားလူမျိုး ကမ္ဘာလှည့်ခရီးသည်တစ်ဦး သေဆုံးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မိကျောင်းကိုက်ခံရမှုကြောင့် ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် လူ ၁,၀၀၀ ခန့် သေဆုံးနေပြီး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးမှုထက်ပိုများတယ်လို့ သိရပါတယ်။