စမိုင်းလ်ကတော့ ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဖြစ်ပေါ်နေတဲ့ အချစ်ရေးတွေအပေါ် သုံးသပ်ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း သမီးလေးတွေ မွေးထားတာဖြစ်တဲ့အတွက် ရှေ့ဆောင်လမ်းပြ မှားမှာကြောက်တယ်လို့ ဆိုပါတယ်။
Photo: Smile Mg
ချစ်လိုက် ကွဲလိုက်ဖြစ်ပေါ်နေတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကတော့ အများကြီးပါပဲ။ ဒါပေမယ့် သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက် ၁၅ နှစ်ကျော်ကြာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် အချစ်မပြတ်၊ သစ္စာရှိရှိနဲ့ လူတိုင်းအားကျရတဲ့ စုံတွဲတွေဖြစ်လာတဲ့အပေါ် စမိုင်းလ်က မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
‘’ ဒါကလေ လူ့အလို နတ်မလိုက်နိုင်ဘူးပေါ့နော်။ အစ်မလည်းလေ သမီးလေး မွေးလာတဲ့အခါကျတော့ ကြောက်ရတာပေါ့။ ကိုယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာဖြစ်တဲ့အတွက် ရှေ့ဆောင်လမ်းပြ မှားမှာလည်း ကြောက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာကြောင့်လည်း အခုဆိုရင် သမီးတွေနဲ့ အပြိုင်လိုက်ပြီးတော့ နေနိုင်တယ်ပေါ့နော်။ ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိတဲ့အတွက် နှစ်ခုစလုံးကတော့ ဒွန်တွဲနေတာပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Smile Mg
လူငယ်ဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် အိမ်ထောင်ရေးကံကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ ကံတရားနဲ့ဆိုင်တယ်လို့လည်း စမိုင်းလ်က ပြောပါတယ်။
‘’ အမှန်အတိုင်းပြောရရင် အိမ်ထောင်ရေးက ထီထိုးသလိုပဲ။ ကံနဲ့လည်းဆိုင်သေးတယ်။ အရမ်းကောင်းနေပေမယ့် ကိုယ့်လက်ထဲရောက်မှ ဆိုးသွားတာတွေလည်းရှိတယ်။ အရမ်းဆိုးပေမယ့်လည်း ကိုယ့်လက်ထဲရောက်ရင်ကောင်းသွားတာမျိုးတွေလည်းရှိတယ်။ ဒါက ကံတရားနဲ့လည်း ဆိုင်တယ်လို့ထင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၂ ရက်နေ့က ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Smile Mg
သရုပ်ဆောင်စမိုင်းလ် (Smile) ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အကြီးဆုံး သမီးက အနုပညာအလုပ်တွေ လုပ်နေပြီဖြစ်ပါတယ်။