အခုခေတ်က ဖေ့စ်ဘွတ်ခေတ်ဖြစ်နေတော့ သမီးဗန်းပြပြီး ပိုက်ဆံရှာတယ်လို့ အပြောခံရမှာကြောက်တယ်။

အခုခေတ်က ဖေ့စ်ဘွတ်ခေတ်ဖြစ်နေတော့ သမီးလေးကို ဗန်းပြပြီး အလှူရှင်ရှာတယ်လို့ အပြောခံရမှာ ကြောက်တယ်လို့ သူက ပြောခဲ့ပါသေးတယ်။

(အဆိုတော် လင်းလင်းက အံ့မင်းညိုတို့ မိသားစုနဲ့ သွားရောက်တွေ့ဆုံစဉ်) (Photo : လင်းလင်း)

သရုပ်ဆောင် အံ့မင်းညိုဟာ လက်ရှိမှာ မိသားစုနဲ့အတူ မန္တလေးမှာ နေထိုင်လျက်ရှိပါတယ်။ မွေးရာပါ နှလုံးအပေါက်ပါတဲ့ သမီးလေးအကြောင်း အင်တာဗျူးမှာ ဖြေပြီးနောက်မှာ သူ့ရဲ့ ပရိသတ်တွေအားလုံးက သမီးလေးအတွက် စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ အံ့မင်းညိုအနေနဲ့ သမီးလေးအတွက် (၇)နှစ်လုံးလုံး အိမ်တွေ၊ ခြံတွေ ရောင်းချပြီး ဆေးကုသမှုတွေ ပြုလုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

(အဆိုတော် လင်းလင်းက အံ့မင်းညိုတို့ မိသားစုနဲ့ သွားရောက်တွေ့ဆုံစဉ်) (Photo : လင်းလင်း)

 “အင်တာဗျူးလာတာ ကိုအံ့ ရှုတင်နားချိန်လေးမှာ မိသားစုနဲ့ရှိနေတဲ့အချိန်လေးကို ရိုက်ချင်တယ်ဆိုလို့ ရိုက်ခဲ့တာပါ။ အင်တာဗျူးလုပ်ရင်းနဲ့ သမီးလေးကိုတွေ့ပြီး မေးတော့ သမီးကြီးအကြောင်းလေးပြောရင်း သမီးလေးတွေပုံလေးတွေ ကြည့်ပြီး မျက်ရည်ကျသွားတာပါ။ သမီးလေးကို ဗန်းပြပြီး အလှူရှင်ရှာနေတာ မဟုတ်ပါဘူး။ အခုခေတ်က ဖေ့စ်ဘွတ်ခေတ်ဖြစ်နေတော့ သူများတွေက သမီးလေးကို ဗန်းပြပြီး အလှူခံတယ်လို့ အပြောခံရမှာ ကြောက်တယ်။ သမီးလေးကို မွေးပြီး (၇)နှစ်လုံးလုံးကိုယ့်ရဲ့ ကိုယ်စွမ်းနဲ့ ကျွေးမွေးလာခဲ့တာ။ ရှိတဲ့ခြံတွေ အိမ်တွေရောင်းပြီး သမီးလေးအတွက် ကုခဲ့တာပါ။ “ ဆိုပြီး ဇန်နဝါရီ(၂၃) ရက်နေ့မှာ Duwun Media က ဖုန်းနဲ့ဆက်သွယ်မေးမြန်းချိန်မှာ ကိုအံ့မင်းညိုက ပြောပြခဲ့တာပါ။

(အဆိုတော် လင်းလင်းက အံ့မင်းညိုတို့ မိသားစုနဲ့ သွားရောက်တွေ့ဆုံစဉ်) (Photo : လင်းလင်း)

အံ့မင်းညို သမီးလေးရဲ့ သတင်းကို ကြားကြားချင်းမှာ အဆိုတော် လင်းလင်းက အံ့မင်းညိုရှိရာ မန္တလေးသို့ သွားရောက်တွေ့ဆုံပြီး “ခေတ်သစ်”ဖောင်ဒေးရှင်းကနေ သမီးလေးအတွက် လိုအပ်တာတွေ လုပ်ကိုင်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ အံ့မင်းညိုတို့ မိသားစုဘက်မှ လက်ခံမယ်ဆိုရင် သမီးလေးကို အစစအရာရာ အားလုံး ကုသပေးဖို့အတွက် လင်းလင်းက တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

“ကိုအံ့တို့ ဗီဒီယိုတွေ့ပြီး ကိုလင်းနဲ့ချစ်သုဝေတို့ ဆက်သွယ်လာတယ်။ အဲ့ဒါနဲ့ ကိုအ့ံ့ရှိတဲ့ မန္တလေးကို ကိုလင်းရောက်လာတယ်။ သမီးလေးအတွက် သူတို့ လိုအပ်တာတွေ အကုန်လုပ်ပေးမယ်လို့ ပြောတယ်။ သူတို့ ဖောင်ဒေးရှင်းက အသက်(၅)နှစ်အထိပဲ သတ်မှတ်ထားပေမယ့် ကိုအံ့သမီးလေးကို သူတို့ အကုန်တာဝန်ယူတယ်။ အထူးကုဆရာဝန်ကြီးတွေနဲ့ သေချာတိုင်ပင်ပြီးလုပ်ပေးမယ်လို့ ပြောပါတယ်။ ကိုအံ့သဘောတူတယ်ဆိုရင် ပြန်ပြီးဆက်သွယ်ပေးဖို့ ပြောခဲ့တယ်။ ကိုအံ့ဘက်က ပြန်မဆက်သွယ်ရသေးပါဘူး။ “ လို့ Duwun Media သို့ ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

(အဆိုတော် လင်းလင်းက အံ့မင်းညိုတို့ မိသားစုနဲ့ သွားရောက်တွေ့ဆုံစဉ်) (Photo : လင်းလင်း)

သမီးလေးဟာ မွေးရာပါ နှလုံးအပေါက် ပါရုံသာမက မျက်လုံးတစ်ဖက်ကလည်း မမြင်ရသလို မွေးတုန်းကလည်း (၃)ပေါင်နဲ့ မွေးခဲ့ရတဲ့ ကလေးဖြစ်ဖို့ ချို့ယွင်းချက်တွေ အရမ်းများတယ်လို့ အံ့မင်းညိုက ဆိုပါတယ်။ လက်ရှိမှာ သမီးလေးကျန်းမာရေးအတွက် ဘာဆက်လုပ်မယ်ဆိုတာကို ဇနီးမောင်နှံနှစ်ယောက် သေချာတိုင်ပင်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ လင်းလင်းတို့ဘက်က ကမ်းလှမ်းချက်ကိုလည်း သူတို့အနေနဲ့ လက်ခံဖို့များတယ်လို့လည်း အင်တာဗျူးမှာ ဆက်လက်ပြောပြခဲ့ပါတယ်။

(ခေတ်သစ်ဖောင်ဒေးရှင်းအကြောင်း ပြောပြခဲ့တဲ့ ချစ်သုဝေ)

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ(၁၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ ဖေဖော်ဝါရီ(၁) ရက်နေ့ကစလို့ ဖောင်ဒေးရှင်းကို စတင်အကောင်အထည်သွားမှာဖြစ်တယ်လို့လည်း ဇန်နဝါရီ( ၁၇) ရက်နေ့က ပြုလုပ်တဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲမှာ ချစ်သုဝေက ပြောခဲ့တာပါ။

“ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က