အဆိုတော် ထူးအယ်လင်းဟာ ဖျာပုံမြို့မှ မီးဘေးသင့်ခဲ့တဲ့ စာသင်ကျောင်းအတွက် အလှူငွေနဲ့အတူ လိုအပ်တဲ့ပစ္စည်းတွေကိုပါ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ လက်ရှိမှာ ပရဟိတအကျိုးတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေသူ ဖြစ်ပါတယ်။
Photo: ထူးအယ်လင်း
အဆိုတော် ထူးအယ်လင်းဟာ ဖျာပုံမြို့က မီးဘေးသင့်ခဲ့တဲ့ စာသင်ကျောင်းရဲ့ ရန်ပုံငွေအတွက် ငွေကျပ် သိန်း ၃၀ ကို ဆိုင်ကယ်ချစ်သူအဖွဲ့နဲ့အတူ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်လှူဒါန်းခဲ့ ဖြစ်ပါတယ်။
‘’ ကျွန်တော်တို့ ဆိုင်ကယ်ချစ်သူ ညီအစ်ကိုတွေ စုပေါင်းပြီးတော့ လှူကြတာ အလှူငွေ စုစုပေါင်း ငွေကျပ် သိန်း ၃၀ ရတယ်။ အဲ့ဒီ သိန်း ၃၀ ကို မီးဘေးသင့်သွားတဲ့ ကျောင်းကို ကျောင်း ရန်ပုံငွေအဖြစ် လှူခဲ့လိုက်တယ်။ ပြီးတော့ ကျန်တဲ့ အဝတ်အစားထုတ်တွေ၊ ဆန်တွေ၊ ဖိနပ်တွေ စတဲ့ ပစ္စည်းပစ္စယတွေကိုတော့ ရွာသူ ရွာသားတွေ အတွက် လှူခဲ့လိုက်တယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်းပြောပြခဲ့ပါတယ်။
Photo: ထူးအယ်လင်း
ထူးအယ်လင်းဟာ ဒီအလှူနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ရေးသားခဲ့ပြီးနောက် အလှူရှင်တွေ အမြန်ဆုံးထွက်ပေါ်လာတယ်လို့ သိရပါတယ်။
‘’ အလှူရှင်တွေ တော်တော်သဒ္ဒါတရားကောင်းတယ်။ မြန်မာလူမျိုးတွေများ ဒုက္ခရောက်နေတယ်ဟေးလို့ အွန်လိုင်းပေါ်တင်လိုက်တာနဲ့ Chat Box ကနေပြီးတော့ ဝိုင်းပြီးလှူကြတယ်။ ရွာမှာရှိတဲ့ ကော်မတီအဖွဲ့ဝင်တွေ ရော၊ ကျောင်းက ဆရာမတွေရော အဖက်ဖက်ကလည်း ဝိုင်းဝန်းကူညီကြတာ အားရဖို့ကောင်းတယ်’’ လို့ ဆက်လက် ပြောပြထားပါတယ်။
Photo: ထူးအယ်လင်း
အဆိုတော် ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးလုပ်ဖို့ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင်လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
Photo: ထူးအယ်လင်း
ထူးအယ်လင်းဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။