မီးဖွားပြီးနောက်ပိုင်း ကလေးအတွက် ကိုယ့်အလုပ်တွေကို လက်လွှတ် လိုက်ရပြီး အိမ်မှာပဲ ကလေးနဲ့အချိန်ကုန်၊ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန် လူမောစိတ်မော ဖြစ်နေရတဲ့ မိခင်တွေ အတွက် ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ စမတ်ကျကျ ရပ်တည်လာခဲ့တဲ့ မိခင်တစ်ယောက်အကြောင်းလေး ပြောပြပေးချင်ပါတယ်။
ကိုယ့်ရဲ့ဘဝကြီးမှာ ပျော်စရာတွေ ရှိပါ့ဦးမလားဆိုတဲ့ မျှော်လင့်ချက်မဲ့တဲ့ အတွေးတွေ၊ အထီးကျန်တဲ့ စိတ်ခံစားမှုမျိုးနဲ့ အရာရာတိုင်းကို စိတ်ကုန်စိတ်ပျက်မိတဲ့ အခြေအနေမျိုး၊ ငါလုပ်ဆောင်ခဲ့တဲ့ အရာတွေက မှန်ရောမှန်ရဲ့လားဆိုတဲ့ သံသယတွေကို ကျွန်မတို့ အမျိုးသမီးတွေ စုပြုံခံစားရတတ်တဲ့ အချိန်တစ်ချိန် ရှိပါတယ်၊ အဲ့ဒီအချိန်ကတော့ အမျိုးသမီးတွေ မီးဖွားပြီးခါစ အချိန်ပါပဲ။ ဒါကို Baby Blues မီးဖွားပြီးခါစ စိတ်မတည်မငြိမ်ဖြစ်ခြင်းဆိုပြီး သတ်မှတ်ထားကြပါတယ်။ ဒီလိုခံစားရတဲ့အချိန်ကာလက အကြာကြီ မဟုတ်ပေမယ့် ဒီလိုခံစားမှုမျိုး ပိုပြင်းထန်လာရင်တော့ မီးဖွားပြီးစိတ်ကျဝေဒနာ Postpartum Depression (PPD) ဖြစ်နေပြီလို့ ဆိုရပါလိမ့်မယ်။
သူက ကျတော့ အရင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်လို့ ကိုယ့်ကိုကိုယ်ထင်နေသည့်တိုင်အောင်၊ ကိုယ်ဟာ လောကဓံနဲ့ ကြုံလာတဲ့အခက်အခဲအားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အမျိုးသမီးတစ်ယောက်လို့ အားလုံးက မြင်နေသည့်တိုင် ကိုယ့်မှာတော့ မိခင်တစ်ယောက်အနေနဲ့ရော၊ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်အနေနဲ့ပါ ခံစားချက်ပေါင်းများစွာ ရောပြွန်းခံစားရချိန်၊ စိတ်ဓာတ်တွေ အနိမ့်ဆုံးရောက်တတ်တဲ့အချိန်၊ ခံစားလွယ်ပြီး ကိုယ့်ကိုကိုယ် အကြောင်းမရှိ မုန်းတီးသလို ခံစားမိနေတတ်တဲ့ အချိန်တွေပေါ့။
မိခင်အသစ်တစ်ယောက်အတွက် ဒီခံစားမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ကိုယ့်ကိုကိုယ် အမြန်ဆုံး ဘယ်လို ပြန်လည်တည့်မတ်ရမလဲဆိုတဲ့ အချက်ဟာ အတော်လေး အရေးကြီးပါတယ်။ ဒါကိုသက်သာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အသိ၊ ဗဟုသုတတွေရှိဖို့ကလည်း လိုနေပြန်ပါတယ်။ ဒီလိုအချိန်မှာ မိသားစုဝင်တွေရဲ့ ဖေးမှုကူညီမှု၊ အရေးကြီးတဲ့အလုပ်နဲ့ အရေးမကြီးတာဘာဆိုတာ ခွဲခြားတတ်မှု စတဲ့အချက်တွေအပြင် ကိုယ့်ရဲ့ နေ့စဉ်ဘဝလေးမှာ ကိုယ့်အတွက် ကိုယ်ပိုင်အချိန် ရှာဖွေတတ်ဖို့ကလည်း အရေးပါနေပြန်ရော။
ဟိုးအရင်တုန်းက ကိုယ့်ပုံစံမျိုး ပြန်ရဖို့အတွက် ပြောင်းလဲသွားတဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝကို ဘယ်လိုပြန်စီမံပြီး စိတ်ဓာတ်စစ်ဆင်ရေး ကို အောင်နိုင်စေမလဲဆိုတဲ့အချက်ဟာ မိခင်တွေအတွက် ခက်ခဲတဲ့စိန်ခေါ်မှုတစ်ရပ်ပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး၊ မီးဖွားပြီးနောက်ပိုင်း ကလေးအတွက် ကိုယ့်အလုပ်တွေကို လက်လွှတ် လိုက်ရပြီး အိမ်မှာပဲ ကလေးနဲ့အချိန်ကုန်၊ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန် လူမောစိတ်မော ဖြစ်နေရတဲ့ မိခင်တွေ အတွက် ဒီစာလေးကနေ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ စမတ်ကျကျ ရပ်တည်လာခဲ့တဲ့ မိခင်တစ်ယောက်အကြောင်းလေး ပြောပြပေးချင်ပါတယ်။
သူ့နာမည်က ခင်ရတနာဇော်ပါ။ မိခင်ဘဝမရောက်ခင်က အလုပ်လည်းလုပ်၊ ကိုယ်တက်ချင်တဲ့ သင်တန်းလေးတွေ တက်ရင်း ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကို ကိုယ့်စိတ်တိုင်းကျ ကုန်ဆုံးလာခဲ့တဲ့ သူမဟာ ကလေးရပြီးနောက်ပိုင်း မိခင်အသစ်စက်စက်တွေ ဖြစ်နေကျ ထိရှလွယ်တဲ့စိတ်ခံစားချက်တွေ၊ အတက်အကျမြန်တဲ့ စိတ်ခံစားချက်ပေါင်းများစွာကို နေ့စဉ်ရင်ဆိုင်ခဲ့ရတာပါ။ ဒါတွေကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်ခဲ့ပေမယ့် သမီးလေး ဆယ်လလောက်မှာတော့ အရင်သူမရဲ့အလုပ်ကနေ နားလိုက် ရတာကြောင့် သူမရဲ့ စိတ်ခံစားချက်တွေ တစ်မျိုးဖြစ်လာခဲ့ပါတယ်၊ ကလေးကလည်း အမေမှအမေ ဖြစ်တာတွေ၊ သမီးနဲ့အမေနှစ်ယောက်တည်း အချိန်ကုန်ဆုံးရတာများတာတွေ စတဲ့အခြေအနေတွေကြောင့် စိတ်ဓာတ်ကျတာ၊ အားငယ်တာ၊ အမျိုးသားနဲ့သမီးကို အရင်လို စိတ်မရှည်တော့တာ၊ အထီးကျန်သလို ခံစားရတာတွေဖြစ်လာပါတယ်။ ကိုယ်ကသမီးနဲ့အမြဲနေရတာကြောင့် အပြင်သွားနေရတဲ့ အမျိုးသားကိုလည်း စိတ်တိုဒေါသဖြစ်မိလာတဲ့အထိပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ သူမဟာ ဒီအခြေအနေကို ဘယ်လိုထိန်းချုပ်ပြီး ကိုယ့်ရဲ့နေ့စဉ်ဘဝကို စီမံရမလဲဆိုတာ စတင်တွေးလာခဲ့ပါတယ်။ ကြာရှည်ဒီပုံစံအတိုင်းသွားမယ်ဆိုရင် သူမရဲ့လွတ်လပ်မှု၊ သူမရဲ့ ဝါသနာ၊ မိခင်ဆိုတဲ့ ဘဝလေးတစ်ခုအပြင် သူမ ထပ်ပေါင်းထည့်ချင်တဲ့ ရပ်တည်မှုတစ်ခုကိုပါ လက်လွှတ်ရတော့မှာ ပါလား ဆိုတာလေး သူမ သိလာမြင်လာခဲ့ပါတယ်။ မိခင်တာဝန်အပြင် သူမ သွားချင်တဲ့ ပန်းတိုင်လေးတစ်ခုအတွက် ပင်ပန်းမယ်ဆိုရင်တောင် စတင်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာ သူမ သဘောပေါက်လာ ခဲ့ပါတယ်။
ဒီလိုနဲ့ ငယ်ငယ်ကတည်းက အမွှေးအကြိုင်ဆိုသိပ်သဘောကျပြီး ဆပ်ပြာရူး၊ လိုရှင်းကြိုက်တဲ့သူမက လူမှုကွန်ယက်ကနေ မထင်မှတ်ဘဲ တွေ့လိုက်တဲ့ skin care class ကြော်ငြာကြောင့် သူမရဲ့ အိပ်မက်လေး စပြီး အကောင်အထည်ဖော်ဖြစ်လာခဲ့တာပါ၊ chemical လျှော့ချပြီး သဘာဝအဆီအနှစ်တွေနဲ့ အသားအရည်ထိန်းသိမ်းမှု ဘယ်လိုလုပ်နိုင်တယ်၊ အလှကုန်ဘယ်လိုထုတ်နိုင်တယ်ဆိုတာတွေကို သူမကိုယ်တိုင် သင်တန်းတက်လေ့လာခဲ့ပါတယ်။ ဒီသင်တန်းလေး စတက်ဖြစ်တာ သူမရဲ့သမီးလေးက ၁နှစ်ခွဲမှာပေါ့။ ဒီအချိန်မှာ သူမဟာ လူငယ်တစ်ယောက်လို ပြန်ခံစားရပြီး လွတ်လပ်မှုတစ်ခုကိုလည်း ခံစားနာလည်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါဟာ မိခင်တိုင်း လိုအပ်တဲ့အရာပါ။ ကိုယ်ပိုင်လွတ်လပ်မှုလို့ ဆိုချင်ပါတယ်။ ကိုယ့်ရဲ့သားသမီးကို ဘယ်လောက်ချစ်ချစ်၊ သူတို့အတွက် ဘယ်လိုတွေပဲ ပေးဆပ်ချင်တယ်ဆိုဆို၊ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေး တစ်ခုကတော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီအချိန်လေးမှာ ကိုယ်ဝါသနာပါတဲ့အရာတွေ လုပ်မယ်၊ ကိုယ်လုပ ်ချင်တာလေးတွေ၊ ကိုယ်သွားချင်တဲ့နေရာလေးတွေ သွားမယ်။ ဒီလိုကနေ ကိုယ့်အတွက် ရှေ့ရက်တွေ ခွန်အားအပြည့်နဲ့ ဆက်နိုင်ဖို့ အားတစ်ခုပေါက်ဖွားလာနိုင်တာပါ။ မဟုတ်ရင် အိမ်ထဲမှာပဲ သားသမီးကိစ္စ၊ အိမ်မှုကိစ္စတွေနဲ့ လုံးလည်ချာလပတ်ရိုက်ရင်း ကိုယ့်ရဲ့ကိုယ်ပိုင်အချိန် လွတ်လပ်မှုတွေ ပျောက်ဆုံးပြီး ကိုယ်ကိုယ်တိုင် ပျောက်ဆုံးသွားသလို ခံစားရပါလိမ့်မယ်။
ခင်ရတနာဇော်ဟာ သင်တန်းတက်ကတည်းက သူ့အိပ်မက်ကို စတင်အကောင်အထည်ဖော်ရတော့မှာမို့ အရင်က မခံစားခဲ့ဖူးတဲ့ စိတ်လှုပ်ရှားမှုမျိုးတွေတောင် ပိုင်ဆိုင်ခွင့်ရလာပါတယ်။ ဒီသင်တန်းပြီးတဲ့အခါ ကိုယ်ပိုင် product လေးတစ်ခု စပြီးလုပ်ဆောင်ရင်း အိပ်မက်တွေအကောင်အထည် ဖော်ဖြစ်လာခဲ့တာပါ။ ဒီလို လုပ်ဆောင်ရလို့ မပင်ပန်းဘူးလားဆိုတော့ သမီးလေးကိုလည်း ကျွေးမွေးပြုစုစောင့်ရှောက်ရ၊ တစ်နိုင်တစ်ပိုင် အလုပ်လေးလည်း စတင်လုပ်နေရသူမို့ ပင်ပန်းတာကတော့ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ပင်ပန်းပေမယ့် သူမဆီမှာ ဟိုးအရင်ကလို တက်ကြွမှုမျိုး ပြန်လည်ပိုင်ဆိုင်လာတယ်၊ စိတ်ဓာတ်ကျတာမျိုးတွေ နည်းလာတယ်၊ ဒေါသထွက်တာမျိုးလည်း မရှိတော့သလို ကိုယ့်ကိုကိုယ်လည်း အသုံးကျသလို ပြန်လည် ခံစားလာရတာပါပဲ။
မခင်ရတနာဇော် ပြုလုပ်ထားတဲ့ breakfast( coffee sugar scrub)
အခုလက်ရှိမှာ သူမဟာ Ivy’s ဆိုတဲ့ homemade skincare တွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချပေးနေပါတယ်။ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်တဲ့ သူမရဲ့ product တွေထဲ scrub ကတော့ လက်ရှိလူကြိုက်များလာတဲ့ ထုတ်ကုန် တစ်ခုလို့ ဆိုရမှာပါ။ ဈေးကွက်ထဲ သူမရဲ့ brandလေး ပိုပြီးလူသိများလာဖို့ ကြိုးစားနေတဲ့ သူမရဲ့ အိပ်မက်က ဒီနာမည်လေးနဲ့ ဆိုင်ဖွင့်နိုင်ဖို့ပါတဲ့။
မိခင်ဘဝနဲ့ ကိုယ့်လုပ်ငန်းလေးကို အောင်မြင်ဖို့အတွက် ကြိုစားရပ်တည်နေတဲ့ ခင်ရတနာဇော်က သူမလို အခြေအနေမျိုး ကြုံခဲ့ရတဲ့ မိခင်တွေရော၊ လက်ရှိကြုံတွေ့နေရတဲ့ မိခင်တွေကိုပါ စိတ်ဓာတ်မကျဖို့ ခုလိုဆိုပါတယ်။
“အဓိကကတော့ ကိုယ့်ဘာသာကိုယ် အသုံးမကျတော့ဘူးလို့ မခံစားရအောင် ဝါသနာပါတဲ့ အရာလေးတွေ တစ်ခုခုလုပ်နေဖို့ လိုပါတယ်။ ကလေးကိစ္စတွေနဲ့ လုံးဝမအားဘူးဆိုရင်တောင် ရတဲ့ အချိန်လေး မှာ ကိုယ်ဝါသနာပါတဲ့အရာတစ်ခုခုကို ရသလောက်လေး နေ့တိုင်းလုပ်သွားဖို့ ကြိုးစားစေချင်ပါတယ်။ ကလေးနည်းနည်းလေး ကြီးလာရင်တော့ အချိန်က ပိုပိုထွက်လာမှာပါ။ ဒါပေမယ့် ကလေးကြီးလာတဲ့အချိန်ထိ မစောင့်ဘဲ ခုကတည်းက နည်းနည်းချင်းစီ ကိုယ်လုပ်ချင်တာလေးတွေလုပ်ရင်း ကိုယ့်အိပ်မက်ကို စပြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းချင်ပါတယ်”တဲ့။
မိခင်တစ်ယောက်ဖြစ်ရတာ ခက်ခဲပါတယ်။ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကိုယ်သွားချင်တဲ့ ခရီးပန်းတိုင်ကို လှမ်းလျှောက်ဖို့အတွက် နေ့စဉ်စိန်ခေါ်မှုတွေများစွာကိုလည်း ရင်ဆိုင်ရပါလိမ့်မယ်။ ဒီ့အတွက် ကိုယ့်အတွက် သီးသန့်ကိုယ်ပိုင်ချိန်လေး ရှာဖွေရင်း အိပ်မက်တွေကို ပုံဖော်ဖို့ လိုပါတယ်။ ဝါသနာပါရာ တစ်ခုခုကို လုပ်ကိုင်ရင်း၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တဲ့ မိခင်ဖြစ်အောင် ကြိုးစားရင်း ရှေ့ဆက်ရမယ့် နေ့ရက်တွေအပြုံးနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့။
မေသော်
Share