၁၃ ပေကျော်ရှည်တဲ့ မိကျောင်းကြီးရဲ့လည်ပင်းမှာ ဆိုင်ကယ်တာယာစွပ်နေခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ရေငန်မိကျောင်းတစ်ကောင်ရဲ့ လည်ပင်းမှာစွပ်မိနေတဲ့ မော်တော်ဆိုင်ကယ်တာယာကို ချွတ်ပေးပြီး အသက်ရှင်လျင် ကယ်ဆယ်နိုင်သူအား ဆုငွေပေးမယ်လို့ အာဏာပိုင်တွေက ကမ်းလှမ်းထားပါတယ်။

(Photo: Barcroft Media)

အလယ်ပိုင်းဆူလာဝေစီမြို့တော် ပါလူမြို့မှာ ၁၃ ပေကျော်ရှည်တဲ့ မိကျောင်းကြီးတစ်ကောင်ရဲ့ လည်ပင်းကနေ ဆိုင်ကယ်တာယာကို ချွတ်ပေးရမှာဖြစ်ပါတယ်။ မိကျောင်းရဲ့လည်ပင်းကနေ ဆိုင်ကယ်တာယာ ချွတ်ပေးနိုင်သူဟာ ပမာဏ မဖော်ပြထားတဲ့ ဆုငွေရရှိမယ်လို့ ဆိုပါတယ်။



ဗီဒီယိုမှတ်တမ်းတစ်ခုအရ ဆိုင်ကယ်တာယာ လည်ပင်းမှာစွပ်နေတာကြောင့် အသက်ရှူရခက်ပြီး မောပန်းနေပုံပေါက်နေတဲ့ မိကျောင်းကို တွေ့ခဲ့ရပြီးနောက်ပိုင်း ဒေသခံ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အာဏာပိုင်တွေက မိကျောင်းလည်ပင်းမှ တာယာကိုချွတ်ပေးရန် ကြိုးပမ်းခဲ့ကြပေမဲ့ နှစ်နဲ့ချီကြာတဲ့အထိ မအောင်မြင်ခဲ့ပါဘူး။

"မိကျောင်းအနားကို မကပ်ကြဖို့ သို့မဟုတ် သူ့ရဲ့ သွားလာနေထိုင်မှုကို မနှောင့်ယှက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်"

(Photo: AFP)

လည်ပင်းမှာ ဆိုင်ကယ်တာယာစွပ်နေတဲ့ မိကျောင်းကြီးကို ၂၀၁၆ ခုနှစ်အတွင်း စတင်တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်တာယာက မိကျောင်းကြီးကို ဖြေးဖြေချင်း သတ်နေသလိုဖြစ်နေမှုအပေါ် စိုးရိမ်နေကြပါတယ်။ ထို့နောက်မှာတော့ သက်ဆိုင်ရာဌာနက မိကျောင်းလည်ပင်းမှ ဆိုင်ကယ်တာယာကို ချွတ်ပေးနိုင်မယ့်သူကို ဆုငွေကမ်းလှမ်းပြီး ရှာဖွေလာခဲ့တာလည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနမှ အကြီးအကဲက ဆုကြေးငွေကို ၎င်းရဲ့ကိုယ်ပိုင်ငွေဖြင့် ပေးအပ်မယ်လို့ဆိုပါတယ်။ အပျော်တမ်းသမားတွေကိုတော့ မိကျောင်းကြီးနဲ့ မျက်နှာချင်းဆိုင်ရမယ့် အန္တရာယ်ရှိတဲ့ ယခုပြိုင်ပွဲမှာ ပါဝင်ခြင်းမပြုရန် သတိပေးထားခဲ့ပါတယ်။

(Photo: SIPA USA/PA Images)

တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်ရေးအတွေ့အကြုံရှိသူတွေနဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆန္ဒပြင်းပြသူတွေကိုသာ ကမ်းလှမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ "မိကျောင်းအနားကို မကပ်ကြဖို့ သို့မဟုတ် သူ့ရဲ့ သွားလာနေထိုင်မှုကို မနှောင့်ယှက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်" လို့ အလယ်ပိုင်းဆူလာဝေစီ Natural Resources Conservation Agency ရဲ့ အကြီးအကဲ Hasmuni Hasmar က ပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က