ကလေးတွေကို မွေးပြီး ပထမ ၆ လအတွင်းမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမယ်ဆိုတာ ဖေဖေမေမေတို့အားလုံးသိကြပါတယ်။ ဘာကြောင့်ကျန်းမာရေးပညာရှင်တွေက မိခင်နို့ကိုသာတိုက်ဖို့ တွင်တွင်ပြောနေရတာလဲ။ မိခင်နို့က ကလေးတွေအတွက် ဘယ်လိုအကျိုးတွေရှိနိုင်မလဲ။
ကလေးတွေအတွက် မိခင်နို့က ဘာကြောင့်အရေးကြီးတာလဲ။
မိခင်နို့ဟာ ကလေးတွေ ကျန်းမာရေးကောင်းပြီး ရောဂါတွေကင်းဝေးဖို့တစ်ခုတည်းသော ကာကွယ်နည်းတစ်ခုပါ။ မွေးပြီး ပထမ ၆ လမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာဖြစ်ပြီး အဲဒီ ပထမ ၆ လအချိန်မှာ ကလေးတွေကို ရေ၊ ပျားရည်၊ စားစရာ၊ နို့မှုန့် ဘာတစ်ခုမှ တိုက်ကျွေးတာမျိုး မလုပ်ရပါဘူး။
Photo : Freepik
ရေရှည်အတွက် အကျိုးရှိတဲ့မိခင်နို့ရည်
မိခင်နို့ရည်ဟာ ရေတိုအားဖြင့် ကလေးတွေအတွက်အကျိုးရှိရုံသာမက နောက် နှစ် (၂၀) ၊ နှစ် (၃၀) အတွင်းမှာဆိုရင် ပိုမိုသိသာနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခံရတဲ့ကလေးတွေအနေနဲ့ ကလေးက ကျောင်းတက်တဲ့အရွယ်မှာဆိုရင် သန်စွမ်းထက်မြက်မှုတွေ ပိုမိုဖြစ်ပြီးတော့ လူမှုဆက်ဆံရေးပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။
မိခင်နို့မှာ ဘယ်လိုအာဟာရတွေရှိမလဲ။
မိခင်နို့မှာ ပရိုတင်းဓာတ်လို့ခေါ်တဲ့အသားဓာတ်ကလေးငယ်တွေအနေနဲ့ အစားအစာကို အကောင်းဆုံးချေဖျက်နိုင်တယ်။ ကလေးတွေအတွက် သံဓာတ်၊ ဗိုက်တာမင်၊ ဇင့်၊ လိုအပ်တဲ့ အာဟာရတွေအားလုံးသည် မိခင်နို့မှာသာရှိနိုင်ပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက်သာမက မိခင်တွေအတွက်လည်း ရောဂါမျိုးစုံကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါမျိုးစုံ၊ အသည်း၊ နှလုံး၊ ဆီးချို၊ သွေးတိုး ရောဂါတွေကိုကလည်း အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ မိခင်နို့ကို မွေးစကနေ ၆ လ၊ ၂ နှစ်အထိ မိခင်နို့ကိုကြိုးစားပြီးတိုက်ပေးသင်ပါတယ်။
Photo : Freepik
နို့မှုန့်ကြောင့်ဖြစ်နိုင်တဲ့အကျိုးဆက်
အာဟာရနို့မှုန့်တွေက နွားနို့က တစ်ဆင့်ပြုလုပ်တာပါ။ နို့မှုန့်သောက်တဲ့ကလေးငယ်တွေဟာ အစာကိုကောင်းစွာမချေနိုင်လို့ ဝမ်းလျှော၊ ဝမ်းချုပ်ရောဂါဖြစ်နိုင်ပါတယ်။ ဗိုက်နာတာ၊ လေထိုးတာ အစာကောင်းစွာ မချေနိုင်တဲ့အတွက် လေထိုးလေအောင့်ရောဂါတွေ ဖြစ်နိုင်တယ်။
၆ လပြည့်တဲ့အခါ မိခင်နို့အပြင် ဘာတွေကျွေးမလဲ
၆ လပြည့်ပြီးဆိုရင် ကလေးတွေ ကျန်းမာရေးကောင်းဖို့ဆို ဖြည့်စွက်စာ ကျွေးရပါမယ်။ ဒီအချိန်မှာလည်း အာဟာရနို့မှုန့်တွေ ကျွေးဖို့မလိုပါဘူး။ အစာအာဟာရကြီးတွေဖြစ်တဲ့ ဆန်၊ ပဲ၊ အသား၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံတို့ကိုသာ မျှတအောင် ကျွေးဖို့ လိုပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် Duwun Community Voice အစီအစဉ်မှာ ဆရာမကြီး သဲလ်မာထွန်းသိန်း - အာဟာရဗေဒ ပညာရှင်၊ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင် ရဲ့ ပြောကြားချက်များကို ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။