ရော်နယ်ဒိုရဲ့မိခင်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဒိုလိုရက်စ်အဗီရိုက သူမရဲ့သားဖြစ်သူကို သူမ မသေဆုံးခင်မှာ အသင်းဟောင်းစပို့တင်းအတွက် ပြန်လည်ကစားပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ စပို့တင်းကတော့ ရော်နယ်ဒိုရဲ့ ငယ်ဘ၀ကလပ်အသင်းဖြစ်ပြီး သူ့ကို ဒီနေ့မှာ ကမ္ဘာကျော်ကစားသမားဖြစ်လာအောင် အရင်ဦးဆုံးပျိုးထောင်ပေးခဲ့တဲ့ အသင်းဖြစ်ပါတယ်။ 



ရော်နယ်ဒိုရဲ့ မိခင်ဟာ စပို့တင်းပွဲစဉ်တွေကို အခါအားလျော်စွာကြည့်ရှုလေ့ရှိပြီး သူမအနှစ်သက်ဆုံးပေါ်တူဂီကလပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူမရဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကိုလည်း "သား၊ ငါ မသေခင် မင်းကို စပို့တင်းအတွက် ပြန်ကစားပေးတာ မြင်ချင်တယ်လို့ ကျွန်မပြောထားတယ်" ဆိုတာကို ထုတ်ဖော်ပြောဆိုထားတယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း သူမဟာ ခရစ္စမတ်လက်ဆောင်တွေအဖြစ် စပို့တင်းအသင်းရဲ့ စတိုင်းဆိုင်က အိတ်တွေဝယ်ယူခဲ့ပြီး သားဖြစ်သူကို လက်ဆောင်ပေးခဲ့ပါတယ်။ ခရစ္စမတ်အထိမ်းအမှတ်အဖြစ် ရော်နယ်ဒိုတို့က မိသားစုလိုက် ဓာတ်ပုံရိုက်ကူးပြီး ဖော်လိုဝါ ၃၈၁ သန်းရှိတဲ့ သူ့ရဲ့အကောင့်မှာ ဖော်ပြခဲ့ရာမှာ အဆိုပါအိတ်က ထိပ်ဆုံးနေရာမှာရှိနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 

အဗီရိုရဲ့ လုပ်ရပ်အတွက် စပို့တင်းပရိသတ်တွေကတော့ ကျေနပ်နေခဲ့ကြပြီး စပို့တင်းစတိုးဆိုင်က ဝယ်ယူခဲ့တဲ့အိတ်ကို သူတို့မြင်တွေ့နေရတယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။ ရော်နယ်ဒိုကတော့ မိခင်ကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး ပြောစကားနားထောင်တဲ့ သားတစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပါတယ်။ ဒီအတွက် အခုအခါမှာ မိခင်ရဲ့ တောင်းဆိုချက်ကိုရော သူ လိုက်လျောဦးမှာလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

အသက် ၃၇ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ အသင်းဟောင်း ယူနိုက်တက်ကို ဒီရာသီမှာ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၃ ဂိုးသွင်းယူပေးထားပြီး ခြေစွမ်းပြနေကာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပါက မိခင်ဆန္ဒအတိုင်း စပို့တင်းမှာ သွားကစားဦးမယ်လို့လည်း မျှော်လင့်ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က