နှင်းဆီအဖွဲ့သားတွေရဲ့ ဖျော်ဖြေမှုအသစ်တွေကိုတော့ မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။သဘာဝဘေးဒဏ် ခံစားနေရတဲ့ ဒေသများ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး မြို့ကြီးနှစ်မြို့မှာ ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်တော့မှာပါ။
Photo : နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း
နာမည်ကြီး အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့က ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ “နှင်းဆီလှေ” ဆိုတဲ့ နာမည်နဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲ ကပြတော့မှာ ဖြစ်ပါတယ်။ သဘာဝဘေးဒဏ် ခံစားနေရတဲ့ ဒေသများ ပြန်လည်ထူထောင်ဖို့အတွက် ရည်ရွယ်ပြီး အောက်တိုဘာ(၄) ရက်နေ့နဲ့ (၅) ရက်နေ့တို့မှာ ပြုလုပ်သွားမှာပါ။
ပွဲက ရရှိတဲ့ ငွေကြေးများကို ရေဘေးသင့် ပြည်သူများဆီသို့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ နှင်းဆီအဖွဲ့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ မောင်မျိုးမင်းက Duwun Media ကို ပြောပြခဲ့ပါတယ်။
“ဦးတို့ ဖောင်ဒေးရှင်းက ဒီအတွက် တည်ထောင်ထားတာပါ။ အခုလို ပြည်သူတွေ သဘာဝဘေးအန္တရာယ်တွေနဲ့ ကျရောက်နေတဲ့ အခါမှာ ဦးတို့တွေ အေးအေးဆေးဆေးကြီးနဲ့ မနေနိုင်ဘူး။ တစ်ခုခု လုပ်ပေးချင်တယ်။ အဖွဲ့သားတွေကလည်း အားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ပေးတယ်။ ဒီနေ့ညနေမှာ အားလုံးတိုင်ပင်မယ် ရက်တွေ ညှိနှိုင်းတာတွေ လုပ်မှာ” လို့ သူက ဆိုပါတယ်။
Photo : နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း
နှင်းဆီလှေ အငြိမ့်ပွဲကို ရန်ကုန်မှာ အောက်တိုဘာ(၄) ရက်နေ့ ပြုလုပ်မှာ ဖြစ်ပြီးမန္တလေးမှာတော့ အောက်တိုဘာ(၅) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
နှင်းဆီအဖွဲ့ကို နာမည်ကြီး သရုပ်ဆောင်များနဲ့ ၂၀၀၇ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကပြဖျော်ဖြေခဲ့တာ ယခုလို ဆိုရင် ဆယ်စုနှစ်တစ်စုရှိခဲ့ပါပြီ။ မင်းသားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ ရဲလေးတို့က လူရွှင်တော်အဖြစ် ပါဝင်ထားတဲ့ နှင်းဆီအငြိမ့်များဟာ ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်တဲ့ အငြိမ့်ပွဲတွေ ဖြစ်ပါတယ်။
Photo : နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း
နှင်းဆီအဖွဲ့သားတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ မောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ရဲလေး၊ထွန်းထွန်းတို့ဟာနှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပရဟိတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါတယ်။
နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကနေ ပညာသင်ကျောင်းတွေလည်း ဆောက်လုပ်လှူဒါန်းမှုတွေ၊ ရေဘေးအတွက် လိုအပ်တဲ့နေရာတွေနဲ့ သက်ကြီး အနုပညာလောက သားများကိုလည်း ကူညီပေးလျက်ရှိပါတယ်။
Share