အပူချိန် အနုတ် ၄၆ ဒီဂရီဆဲလ်စီးယပ်အထိ အနိမ့်ဆုံးကျဆင်းနိုင်ပါတယ်။

အမေရိကန်မှာ ယခုသီတင်းပတ်အတွင်း မျိုးဆက်တစ်ခုမှာတစ်ကြိမ်လို့ဆိုနိုင်တဲ့ အလွန်အမင်း အေးခဲမှုဖြစ်နိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတွေက ဇန်နဝါရီ ၂၉ ရက်မှာ သတိပေးထားပါတယ်။

(Photo: UGC)

မြောက်ဝင်ရိုးစွန်းဒေသမှ လေအေးများကြောင့် အမေရိကန်မှာ အပူချိန်ဟာ အနုတ် ၄၆ ဒီဂရီဆဲလ်စီးယပ်အထိ အနိမ့်ဆုံးကျဆင်းကာ အလွန်အမင်း အေးခဲမှုဖြစ်နိုင်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

အိုင်အိုဝါပြည်နယ်မှာ မိုးလေဝသဌာနက နေအိမ်ပြင်ပ သွားလာသူတွေအနေနဲ့ အသက်ပြင်းစွာမရှူရန်နဲ့ စကားပြောဆိုမှုလျှော့ချရန် သတိပေးထားကြောင်းလည်း သိရပါတယ်။ ဝစ်ကွန်စင်ပြည်နယ်အောက်ပိုင်းမှ အလာဘားမားပြည်နယ်အထိ နေရာဒေသတွေမှာ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားပါတယ်။

(Photo: Reuters)

"ဒီလို အလွန်ပြင်းထန်တဲ့ လေအေးတွေက မျိုးဆက်တစ်ဆက်မှာ တစ်ကြိမ်ပဲလို့တောင် ကျွန်တော်ပြောပါမယ်" လို့ National Weather Service (NWS) မှ မိုးလေဝသပညာရှင် John Gagan က ပြောပါတယ်။

ယခုကဲ့သို့ အလွန်အမင်း အေးခဲနေစဉ် နေအိမ်ပြင်ပမှာရှိနေပါက ၁၀ မိနစ်အတွင်း နှင်းကိုက်နာ (frostbite) ဖြစ်နိုင်ကြောင်းလည်း NWS က သတိပေးထားပါတယ်။ NWS ရဲ့ ခန့်မှန်းချက်အရ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၃၀ ရက်) မှာ အပူချိန်ဟာ အနုတ် ၁၀ မှ ၄၀ အထိ ကျဆင်းနိုင်ပြီး အလွန်အမင်း အေးခဲမယ်လို့ သိရပါတယ်။

(Photo: Reuters)

အန္တရာယ်ရှိနိုင်တဲ့ အလွန်အမင်း အေးခဲမှုကြောင့် အဓိကအားဖြင့် အမေရိကန် အလယ်ပိုင်းဒေသရှိ ထောင်နဲ့ချီတဲ့ စာသင်ကျောင်းတွကို ပိတ်ထားခဲ့ပြီး လေကြောင်းခရီးစဉ် ၁,၀၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ 

အလွန်အမင်း အေးခဲမှုကို အမေရိကန်လူဦးရေ သန်း ၂၁၂ သန်း တွေ့ကြုံရမယ်လို့ CNN သတင်းက ဖော်ပြထားပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းတွေအရ အလွန်အမင်း အေးခဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က