အိန္ဒြာကျော်ဇင်ကတော့ သူမကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့တာ တွေ့ရပါတယ်။
Photo: Eaindra Kyaw Zin
သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ Stay Home ကာလမှာ သူ ဝါသနာပါတဲ့ ပန်းချီပညာလေးကို ပြန်ပြီး အသုံးချနေတာ တွေ့ရပါတယ်။ သူမရဲ့ သမီးလေး ပြေသုဒ္ဒါရဲ့ ပုံတူပန်းချီလေးကိုလည်း ပရိသတ်နဲ့ မိတ်ဆက် ပေးခဲ့ပါသေးတယ်။
"Stayhome ကာလမှာ ဝါသနာပါရာလေးလုပ်ဖြစ်နေတဲ့ မတ်မတ်အူဝဲ။ ကိုယ်ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် ၊ ရှုခင်းလေးတွေ တွေ့ရင် ရိုက်ပြီးသိမ်း သိမ်းထားတတ်တယ်။ ပြီးရင် ပန်းချီပြန်ရေးဖို့အတွက်။ ခု ရေးထားတဲ့ ပန်းချီလေး တချို့ကို ပရိသတ်တွက် အမှတ်တရတင်ပေးလိုက်တယ်နော်။ အူဝဲရဲ့ လက်ရာကိုတော့ မရယ်နဲ့နော်။ ကြိုးစားဆဲသူမို့။ မယ်သုပုံလေး ပုံတူရေးကြည့်တာ မယ်သုကတော့ အားပေးတယ် အမေကို,မတူဘူးချည်းပဲ ပြောတာ"ဆိုပြီးတော့ မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သမီးလေး ပြေသုဒ္ဒါရဲ့ ပုံတူကို သူကိုယ်တိုင်ရေးဆွဲထားတဲ့ ဗီဒီယိုလေးလည်း တင်ထားပါသေးတယ်။
photo: Eaindra kyaw zin
COVID-19 ကာလမှာ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ ဧပြီလ (၂၀) ရက်နေ့တုန်းကလည်း We Love Yangon ကနေတဆင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ မိသားစုဝင်တွေ အတွက် ငွေကျပ်(၁၀) သိန်းလှူခဲ့ပါတယ်။ မေလ (၁၀) ရက်နေ့တုန်းကလည်း အနုပညာလောကထဲက အမေများအဖွဲ့အတွက် ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် မေလ(၂၂) ရက်နေ့ တုန်းကလည်း ဆရာတော် ရဝေနွယ် ဓမ္မရဝေတောရ ၌ facility qurantine ဝင်နေသူများအတွက် နေ့လည်စာ ရွှေရင်အေး လှူဒါန်းခြင်းနှင့် ဆရာတော်အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ ကောင်းမှူကုသိုလ်ပြုခဲ့တာတွေ့ရပါတယ်။
photo: Li John
အိန္ဒြာကျော်ဇင်ဟာ ခင်ပွန်းဖြစ်သူ ပြေတီဦး တည်ထောင်ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းမှာ တစ်ဖက် တစ်လမ်းကနေ ပရဟိတအလုပ်တွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူမရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာလည်း အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေပါဝင်ထားပါသေးတယ်။