အသက် (၃) နှစ် နဲ့ (၇) နှစ်အရွယ်ကလေးငယ်နှစ်ဦးပါဝင်တဲ့ စက်ဘီးစီးမိသားစုဟာ မိဘမဲ့ကလေးတွေကို နို့မှုန့်လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်-မဲဆောက်ခရီးစဉ်ကို ဒီဇင်ဘာ (၂၉) ရက်မှာ စတင်မယ်လို့ သိရပါတယ်။
Photo- Happy Biker Family
ခရီးစဉ်တလျှောက်မှာ မိဘမဲ့ကလေးတွေ နို့မှုန့်လိုအပ်နေတဲ့အကြောင်းကို အသိပေးတဲ့ လှုံဆော်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အလှူရှင်တွေအနေနဲ့ စက်ဘီးစီးမိသားစု အဖွဲ့ကို ဆက်သွယ်နိုင်ပြီး လှူဒါန်းနိုင်တယ်လို့ စက်ဘီးစီးမိသားစု ဦးဆောင်သူ ကိုကျော်ဇင်က Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့ မိသားစု တစ်နှစ်ပြည့်ခရီးစဉ်အနေနဲ့ နို့မှုန့်လိုအပ်နေတဲ့ကလေးတွေအတွက် နှိုးဆော်တဲ့ ခရီးတစ်ခု စီစဉ်ဖြစ်သွားတာပါ။ နို့မှုန့် လှူချင်တဲ့သူတွေအနေနဲ့ ရန်ကုန်မြို့တွင်းက လှူချင်တယ်ဆိုရင်ကျွန်တော်တို့ ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဆက်သွယ်နိုင်တယ်။ တိုက်ရိုက်လှူလို့ရတယ်။ မသွားနိုင်တဲ့သူတွေဆိုရင် ကျွန်တော်တို့ကူညီပေးပါမယ်” လို့ ဦးဆောင်သူ ကိုကျော်ဇင်က ဆိုပါတယ်။
နိုဝင်ဘာ ၂၉ ရက် ည ၉ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းရှေ့ကနေ စတင်ထွက်ခွာမှာ ဖြစ်ပြီး ရန်ကုန်၊ကျိုက်ထို၊မော်လမြိုင်၊ကော့ကရိတ်၊မြဝတီကနေ မဲဆောက်အထိ (၆) ရက်ကြာမြင့်မယ့် ခရီးစဉ်ဖြစ်တယ်လို့သိရပါတယ်။
Photo- Happy Biker Family
စက်ဘီးစီးလှုပ်ရှားမှုကနေ ရရှိလာတဲ့ ငွေကြေးတွေကို ဒဂုံဆိပ်ကမ်းမြို့နယ် ပုဏ္ဏမီလမ်းနဲ့ ကျန်စစ်သားလမ်းထောင့် ရှိ မှန်ကင်း (၂) မိဘမဲ့ကျောင်းမှာ လိုအပ်နေတဲ့ နို့စို့အရွယ် မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စက်ဘီးစီးမိသားစုကို အသက် (၃၁) နှစ်အရွယ် ကိုကျော်ဇင်က ဦးဆောင်ပြီး ဇနီးဖြစ်သူ အသက် (၂၉) နှစ်အရွယ် မကေသီထွန်း၊ အသက် (၇) နှစ်အရွယ် သမီးကြီး မစနိုးနဲ့ အသက် (၃) နှစ်အရွယ် သမီးငယ် မနိုနိုတို့ပါဝင်ပါတယ်။
သူတို့မိသားစုလေးဟာ သဘာဝပတ်ဝန်းကျင်ကို လေ့လာလို့ရအောင်၊ ချို့တဲ့ကလေးငယ်တွေ အတွက်ပရဟိတ လုပ်ငန်းတွေ လုပ်နိုင်အောင်ဆိုပြီး စက်ဘီးစီးနင်းတဲ့ လှုပ်ရှားမှု ဆောင်ရွက်ခဲ့တာ အခုဆို (၂) နှစ်နီးပါးရှိနေပြီလို့လည်း ကိုကျော်ဇင်က Duwun ကို ပြောခဲ့ပါတယ်။
" ကျွန်တော်တို့ မြို့ ပေါင်း ၁၄ မြို့ကို သွားခဲ့ပြီးပါပြီ။ အဓိကက Family Tour အနေနဲ့လည်းသွားတယ်။နောက်ပြီး သက်ငယ်မုဒိမ်းမှု ပပျောက်အောင်၊ ကလေးတွေအတွက် ရွေ့လျားစာကြည့်တိုက်တွေ လုပ်ပေးတာမျိုး၊ လမ်းဘေးကလေးတွေအတွက် အဝတ်အစားလှူဒါန်းပေးတာမျိုး အဲဒီလို လှုပ်ရှားမှုလေးတွေလည်း လုပ်ပါတယ်" လို့ ကိုကျော်ဇင်ကဆိုပါတယ်။
Share