In partnership with  logo
သူများဘဝနဲ့ ကိုယ့်ဘဝနှိုင်းနေ မယ့်အစား ကိုယ့်အခြေအနေကိုသာ ပို focus လုပ်သင့်ပါတယ်။

ဒီနေ့ခေတ်မှာ ကျွန်မတို့ အမျိုးသမီးတွေဟာ အရင်နဲ့မတူတော့ပဲ ပြောင်းလဲလာတဲ့ လူနေမှုပုံစံ၊ ခေတ်မီတိုးတက်လာတဲ့ နည်းပညာစနစ် စတာတွေနဲ့ ရှေးရိုးစွဲအယူအဆ၊ အမူအကျင့်တွေ၊ ဓလေ့စရိုက်တွေကြား ချိန်ထိုးနေထိုင်ရင်း ကိုယ့်ရဲ့အိပ်မက်တွေကို ပုံဖော်၊ ကိုယ်ဖြစ်ချင်တဲ့ ဘဝလေးတွေကို တည်ဆောက်နေကြရပါတယ်။ ဒီလိုကြိုးစားနေထိုင်နေရတဲ့ ကာလမှာ တစ်ခါတစ်လေ မလုပ်သင့်တာ၊ မဖြစ်သင့်တာလေးတွေကို လုပ်လိုက်မိ၊ ပြုမူမိလိုက်ရုံနဲ့ ကိုယ့်ရဲ့အဖိုးတန်နေ့ရက်တွေဟာ အဆင်မပြေမှုတွေနဲ့ အဆုံးသတ်၊ အာရုံနောက် အကြည်ဓာတ်တွေ လျော့ပါးသွားတာမျိုး ခံစားဖူးကြပါလိမ့်မယ်။ မဖြစ်သင့်ဘူးဆိုပြီး အလွယ်သာ ပြောရပေမယ့် ဒီအမူအကျင့်တွေဟာ ပြုပြင်ဖို့ခက်ခဲတဲ့အပြင် ကျွန်မတို့အမျိုးသမီးတွေ တော်တော်များများ မရည်ရွယ်ပဲ လုပ်မိသွားတတ်တာလေးပါ။ ဒါဟာ ဘာလဲလို့ ပြောရရင်ဖြင့် ကိုယ့်ကိုကိုယ် တခြားသူနဲ့ နှိုင်းယှဉ်တာပါပဲ။

Photo - Pinterest

ကိုယ့်ကိုယ်ကို တခြားသူနဲ့ နှိုင်းယှဉ်ဖူးပါသလား။ ဘယ်သူနဲ့အများဆုံး နှိုင်းယှဉ်ကြည့် ဖြစ်ပါသလဲ။ သေချာသတိမရရင် ၂၄နာရီ အတွင်း ငါ့ကိုယ်ငါ ဘယ်သူနဲ့နှိုင်းယှဉ် ဖြစ်လဲ စဉ်းစားကြည့်ပါ။ ဒါမှ မသေချာရင် ကိုယ့်ရဲ့ လူမှုကွန်ယက် facebook နဲ့ instagram တို့မှာ ဘယ်သူ့ပုံကို ကြည့်ပြီး စိတ်ခံစားမှုတစ်ခုခု ဖြစ်သွားခဲ့သလဲဆိုတာ စဉ်းစားကြည့်ပါ။

လူတော်တော်များများဟာ facebook သုံးတဲ့အခါ အခြားသူရဲ့ပုံတွေကို မြင်ပြီး ကိုယ်ကျတော့ အဲ့ဒီလို ဘာ့ကြောင့်မဖြစ်ရတာလဲ၊ သူ့လို မလှရတာလဲ၊ သူ့လို မသုံးနိုင်ရတာလဲ၊ သူ့လို ခရီးတွေမသွားနိုင်ရတာလဲ ဆိုပြီး ကိုယ့်ကိုကိုယ် တခြားသူနဲ့ အမြဲနှိုင်းယှဉ်တတ်ကြပါတယ်။ တစ်ချို့ကျတော့ သူတို့ခံစားချက်တွေကို မမျိုသိပ်နိုင်ပဲ စာတွေရေး ပို့စ်တွေလုပ်တာမျိုးထိလည်း ရှိတတ်ပါတယ်။

အဲ့ဒီကနေ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ စိတ်ဓာတ်ကျလာမယ်၊ စိတ်အလိုမကျတွေ ဖြစ်လာမယ်၊ ကိုယ့်ဘဝကိုယ် နေမပျော်တော့သလိုတောင် ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့နေ့စဉ်ဘဝလေးမှာ အကြည်ဓာတ်လေးတွေ ပျောက်ဆုံးလာတာကိုလည်း သတိပြုမိနိုင်ပါတယ်။

Photo - Pinterest

တကယ်တော့ လူမှုကွန်ယက်မှာ ကိုယ်မြင်နေရတဲ့ သူတို့ရဲ့ အပြင်ပန်းပုံတွေနဲ့ ကိုယ့်အတွင်း စိတ်ကို မနှိုင်းယှဉ်သင့် မခံစားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မြင်နေရတာ သူတို့တင်တဲ့စာတွေ၊ သူတို့တင်တဲ့ပုံလေးတွေပါ။ သူတို့အပြင်မှာ ဘာတွေကြုံတွေ့နေရတယ်၊ ဘာတွေခံစားနေရတယ်ဆိုတာမျိုး ကိုယ်ကသိလည်း မသိနိုင်ပါဘူး။ တစ်ခါတစ်လေ ကိုယ်ကြိတ်အားကျနေရတဲ့ သူတွေရဲ့ဘဝက ကိုယ့်လောက်တောင်မှ သာယာချင်မှသာယာတာမျိုးပါ။

သုတေသနတွေအရတော့ လူတော်တော်များများဟာ သင့်ရဲ့ vacation က ပုံတွေ၊ ပျော်နေလှနေတဲ့ ပုံတွေကို တကယ် မြင်ချင်တွေ့ချင်တဲ့သူ နည်းပါးလွန်းလှပါတယ်တဲ့။ ကိုယ့်အရင်းနှီးဆုံးလူတွေကတော့ တစ်မျိုးပေါ့လေ။ အပြင်လူတော်တော်များများ အနည်းဆုံး တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သင့်ပုံတွေကိုကြည့်ပြီး တစ်ခုခု ခံစားပြီး သူတို့အခြေအနေနဲ့ နှိုင်းယှဉ်တတ်တာ များတယ်လို့လည်း စစ်တမ်းကောက်ချက်တွေအရ သိမှတ်ဖူးပါ တယ်။

Banyan Green Service Co.Ltd ရဲ့ Managing Director ဖြစ်တဲ့ မအိခင်ခင်ကတော့ အမြဲတမ်း တက်ကြွပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသူတစ်ယောက်ပါ။ စိတ်အားငယ်တတ်တဲ့ မိန်းကလေးတွေအတွက် သူမက အခုလို အကြံပြုထားပါတယ်။

"သိမ်ငယ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့ပါ။ လူတိုင်း လူတိုင်းဟာ အသားရည် အရပ်အမောင်း မတူညီနိုင်ကြသလို တခြားအရာတွေလည်းမတူညီကြပါဘူး။ မတူညီလို့ ဒီကမ္ဘာကြီးကလှနေတာပါ။ မတူညီတဲ့အပေါ် သိမ်ငယ်စရာမလိုပါဘူး။ ကိုယ့်ရဲ့သူများနဲ့မတူညီတဲ့ အချက်တွေကို လည်း ဂုဏ်ယူစွာ ကျေနပ်ပါ။ ကျွန်မကိုယ်တိုင်လည်း အဲသလိုပဲ နေပါတယ်။ ကျွန်မကိုယ်တိုင် က အသားညိုညို ပုပု မို့ အသားဖြူဖြူ အရပ်ရှည်ရှည် လူများကို သဘောကျမိသော်လည်းပဲ ကျွန်မ ဟာ အသားညိုပြီးပုနေလို့ ပိုလှတာ လို့ ယုံကြည်ပါတယ်။ အလှအပ သာတွင်မက ပညာ ဥစ္စာ အချစ်ရေး စတာတွေနဲ့ ပတ်သက်ရင်လည်း အဲဒီလိုပဲ ခံယူပါတယ်။ ကိုယ့်ဘဝကိုယ် ကျေနပ်မှ ပျော်ရွှင်နိုင်မှာပါ။ သူများကို အားကျပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်နေရင် ဘဝတိုတိုလေးမှာ ပျော်စရာမကောင်းဘဲနေပါလိမ့်မယ်။ ကျေနပ် မှ ပျော်ရွှင်၊ ပျော်ရွှင်မှ ကြည်လင် လှပမှာပါ" လို့ သူမက ဆိုပါတယ်။


တစ်ပါးသူနဲ့ ကိုယ့်အခြေအနေကို နှိုင်းယှဉ်မယ်ဆို နှိုင်းယှဉ်သင့်တာလေးက အဲ့ဒီလူရဲ့ စိတ်ထားနဲ့ကိုယ့်စိတ်ထား နှိုင်းယှဉ်တာမျိုးပါ။ ကိုယ်အပြင်မှာသိနေခင်နေတဲ့သူနဲ့ နှိုင်းယှဉ်ပြီး အတုယူသင့်ယူတာမျိုးက ဖြစ်သင့်ပါတယ်။ ပိုပြီးဖြစ်သင့်တာကတော့ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ သူများဘဝနဲ့ ကိုယ့်ဘဝနှိုင်းနေ မယ့်အစား ကိုယ့်အခြေအနေကိုသာ ပို focus လုပ်သင့်ပါတယ်။ သူတစ်ပါးရဲ့ အပြင်ပန်းဓာတ်ပုံလေးတွေ ပို့စ်လေးတွေ ကြည့်ပြီး ခံစားနေမယ့်အစား ကိုယ့်ဘဝရဲ့ အကောင်းဆုံးဘာတွေ ရှိသလဲ အမြဲတွေးပါ။ မိသားစု သူငယ်ချင်း မိတ်ဆွေ စတာတွေပေါ့။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့ကတော့ အရေးကြီးဆုံးပါပဲ။ အတိတ်မှာ ဖြစ်ပျက်ခဲ့တာ တွေကြောင့် အမြဲခေါင်းကိုက်နေမယ့်အစား လက်ရှိမှာ ငါအကောင်းဆုံး ဘယ်လိုနေထိုင် ပြုမူရမလဲဆိုတာ တွေးရမှာပါ။ ကိုယ့်လုပ်ဆောင်တွေနဲ့ ကိုယ်ဘယ်ကိုသွားနေတယ်၊ ဘာအတွက်ဒါတွေ လုပ်နေတယ်ဆိုတာ သိအောင်ကြိုးစားရပါမယ်။

ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ ဘယ်လောက်ရှိတယ်ဆိုတာ အရင်ထက် ပိုချပြလာနိုင်တဲ့ အခြေအနေမျိုးမှာ ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကို တခြားသော စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ အာရုံနောက်ခံမယ့်အစား ခွန်အားအပြည့်နဲ့ ကိုယ့်ရပ်တည်မှု ကိုယ့်အိပ်မက်တွေအတွက် ကြိုးစား ပုံဖော်ထုဆစ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

မေသော်

Share

Loading Next Article...
က္က