မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့နန့်တက်စ်တို့ရဲ့ ပြင်သစ်စူပါဖလားပွဲစဥ်မှာတော့ ပီအက်စ်ဂျီက နေမာရဲ့ သွင်းဂိုးနှစ်ဂိုး၊ မက်ဆီရဲ့ အဖွင့်ဂိုး၊ ရာမို့စ်ရဲ့ နောက်ပေါက်သွင်းဂိုးတွေနဲ့အတူ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ ပီအက်စ်ဂျီရဲ့ နာမည်ကျော်တွေ အစုံအလင် ဂိုးသွင်းနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ဂိုးသွင်းခဲ့တဲ့ သုံးယောက်လုံးက ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရသူတွေဖြစ်တာကြောင့် တော်တော်လေး ကျေနပ်စရာကောင်းခဲ့ပါတယ်။
မက်ဆီကလည်း လှပတဲ့ သွင်းဂိုးနဲ့အတူ ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး နေမာကလည်း ပြီးပြည့်စုံတဲ့ဖရီးကစ်တဂိုး၊ သွေးအေးတည်ငြိမ်တဲ့ ပင်နယ်တီသွင်းဂိုးတဂိုးကို ရရှိခဲ့တာပါ။ ရာမို့စ်ရဲ့ နောက်ပေါက်ကန်ချက်ကိုလည်း ပြိုင်ဘက်ဂိုးသမား မတားဆီးနိုင်ခဲ့ပါဘူး။
မက်ဆီနဲ့နေမာတို့ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်က စောစောစီးစီး ထွက်ခဲ့ရတဲ့နောက် ပီအက်စ်ဂျီပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။ ရာမို့စ်ကလည်း အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ တရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
အထူးသဖြင့် လက်ရှိနွေရာသီစျေးကွက်မှာ နေမာကို ရောင်းချဖို့ အသင်းဘက်က စီစဥ်နေပြီး ကစားသမားဘက်ကတော့ အသင်းကနေထွက်ခွာဖို့ ငြင်းဆန်ထားပါတယ်။ ဒီလိုအချိန်မျိုးမှာ နေမာဆီက ကြိုးစားတဲ့ကစားဟန်ကိုလည်း မြင်တွေ့ခဲ့ရပြီး ပြိုင်ဘက်နည်းပြကပါ ပွဲချိန်အတွင်း မှတ်ချက်ပေးခဲ့ရပါတယ်။
ပွဲအစ (၂) မိနစ်မှာ နေမာက ပြိုင်ဘက်ကစားသမား ဘောလုံးကန်တင်မှာကို ဒီဘောလုံး ဘေးထွက်သွားချိန်မှာတော့ နန့်တက်စ်နည်းပြ အန်တိုနီကွမ်ဘိုရီက နေမာကို “မင်း အခု ခံစစ်ပါ လိုက်ကစားနေပြီလား” လို့ လှမ်းပြီး နောက်ပြောင်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ နေမာအတွက်ကတော့ ကမ္ဘာ့ဖလားလည်းရှိနေချိန်မှာ ပြီးခဲ့တဲ့ရာသီမှာမြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့ ပျင်းရိပြီး အလှပြဖို့ပဲ ဦးတည်နေတဲ့ကစားဟန်ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပရိသတ်တွေက သတိပေးနေပြီး နေမာကိုယ်တိုင် စတင်ပြောင်းလဲနေပြီလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။