ယူနိုက်တက်ပရိသတ်တစ်ယောက်က နယူးကာဆယ်နဲ့ပွဲမှာ ပွဲမစခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေတဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းက ထွက်သွားဖို့ အော်ဟစ်ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်က နယူးကာဆယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်က ပွဲထွက်ခွင့် မရရှိခဲ့ဘဲ ပွဲပြီးခါနီးမှ မိုင်နူးနေရာကို လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ပွဲမစခင်ကတည်းက ယူနိုက်တက်ပရိသတ်တစ်ယောက်က ရပ်ရှ်ဖို့ဒ်ကို “မင်းဘာကြောင့် အသင်းကနေ မထွက်သွားသေးတာလဲ” လို့ လှမ်းပြီး အော်ဟစ်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်က အဲ့ဒီလိုမျိုး အော်ဟစ်ခဲ့တဲ့ ပရိသတ်ကို တုံ့ပြန်ပြောကြားခဲ့ပြီး အခြားပရိသတ်တစ်ယောက်ကတော့ “ရပ်ရှ်ဖို့ဒ်ရေ... မင်း သူပြောတာကို နားထောင်မနေနဲ့” လို့ ထပ်မံအော်ဟစ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ အသင်းဖော်တွေက ရပ်ရှ်ဖို့ဒ်ကို ဆွဲခေါ်သွားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေတာကြောင့် နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် ပရိသတ်တွေကလည်း သူ့ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီး ရပ်ရှ်ဖို့ဒ်ရဲ့အနာဂတ်က မရေမရာဖြစ်နေခဲ့တာပါ။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီလိုမျိုး နေရာမှာ ရပ်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေကိုလည်း လက်ခံနားစွင့်သွားမယ်လို့ သိရှိရပါတယ်။