မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ပရိသတ်တွေအတွက် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ မန်စီးတီးက နယူးကာဆယ်ကို အယ်လ်ဗာရက်ဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲရဲ့ ဒုတိယပိုင်းမှာတော့ ဂွါဒီယိုလာက ပရိသတ်တစ်ယောက်နဲ့ အချင်းများနေဟန်ရှိခဲ့ပါတယ်။ မန်စီးတီးဂျာစီကို ဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ယောက်က ဂွါဒီယိုလာရှိနေတဲ့ အရန်ခုံတန်းကို လူစားလဲဖို့၊ သတိထားဖို့ လှမ်းအော်ဟစ်နေခဲ့ပါတယ်။
ဒီအချိန်က နယူးကာဆယ်တို့ ဒုတိယပိုင်းမှာ မန်စီးတီးကို ပြန်လည်ဖိအားပေးနေတဲ့အချိန်ဖြစ်ပြီး အဆိုပါပရိသတ်ကလည်း မန်စီးတီး ဂိုးပြန်ပေးရမှာကို စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာကတော့ တစ်ပွဲလုံးမှာ လူစားလဲမှုတစ်ကြိမ်မှ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။
ဂွါဒီယိုလာက “အဲ့ဒီပရိသတ်က ကျွန်တော့်ကို လူစားလဲတော့ဆိုပြီး ပြောနေတာပါ။ အဲ့ဒါနဲ့ ကျွန်တော်လည်း သူ့ကို မင်း ဒီမှာလာထိုင်ပြီး လုပ်လိုက်ကွာလို့ ပြောခဲ့ပါတယ်။ ပွဲက ကောင်းမွန်တဲ့အရှိန်တစ်ခုရှိနေခဲ့ပါတယ်။ ကစားသမားတွေ ပင်ပန်းနေတယ်လို့လည်း ကျွန်တော် မထင်ပါဘူး”
“အပြောင်းအလဲလုပ်ဖို့ဆိုတာက မလွယ်ကူခဲ့လို့ကို ကျွန်တော် မလုပ်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့အပြင် ဒီနှစ်ပွဲလုံးမှာလည်း တစ်ဂိုးမှမပေးခဲ့ရဘဲ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။