ပီကေးကို အသင်းကထွက်ဖို့ ဇာဗီကပြောကြားလိုက်တာပါ။

ဘာစီလိုနာနည်းပြဇာဗီက အသင်းရဲ့ဝါရင့်နောက်ခံလူပီကေးကို ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူကိစ္စရပ်တွေကြောင့် အသင်းမှာ အနာဂတ်မရှိတော့ကြောင်း အသိပေးခဲ့တယ်လို့ သိရှိရပါတယ်။ ဇာဗီဟာ သူ့ရဲ့အသင်းကို လူငယ်သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီး ဒီအသင်းမှာ ပီကေးအတွက် နေရာမရှိတော့ဘူးလို့ ယုံကြည်ထားပါတယ်။



အသက် (၃၃) နှစ်အရွယ် ပီကေးဟာ ကွင်းပြင်ပမှာ စီးပွားရေးလုပ်ငန်းအများအပြားရှိနေခြင်းအပေါ် ဇာဗီက စိတ်ပျက်နေပြီး အသင်းအပေါ် အပြည့်အဝအာရုံစိုက်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် ဘာစီလိုနာကလည်း လစာငွေကိစ္စနဲ့ ပီကေးအပေါ် ယူရိုသန်း (၅၀) ဝန်းကျင် အကြွေးတင်နေပါသေးတယ်။ ဒီကြွေးမြီပမာဏကိုလျှော့ချဖို့အတွက်လည်း ဘာစီလိုနာဘက်က ကြိုးစားနေပါတယ်။

စပိန်ကထွက်ပေါ်လာတဲ့သတင်းတွေအရ ဇာဗီဟာ ပီကေးနဲ့ ပုဂ္ဂိုလ်ရေးအရ နှစ်ယောက်တည်းစကားပြောခဲ့ပြီး အသင်းရဲ့အနာဂတ်အစီအစဥ်တွေမှာ ပီကေးမပါဝင်တော့ကြောင်း အသိပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် ပီကေးအနေနဲ့ အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပြီး တကယ်လို့ ဘာစီလိုနာမှာဆက်နေချင်တယ်ဆိုရင်လည်း လစာငွေလျှော့ယူပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမှာပါ။

ပီကေးဟာ မကြာခင်ကမှ အတူနေချစ်သူ ရှကီရာနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး ဒီလမ်းခွဲမှုဟာလည်း ပီကေးရဲ့ဖောက်ပြန်မှုကြောင့်လို့ မီဒီယာတွေက ဝေဖန်ရေးသားထားပါတယ်။ ပီကေးကတော့ ဘာစီလိုနာနဲ့ ရာသီသစ်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ နီးစပ်သူတွေကဆိုခဲ့ကြပြီး အခု ထွက်ပေါ်လာတဲ့သတင်းအရတော့ ပီကေးရဲ့အရှိုက်တည့်တည့်ကို ဇာဗီက ထိုးနှက်လိုက်တာပါ။

ပီကေးနဲ့ဇာဗီတို့ဟာ ဇာဗီရဲ့ကစားသမားဘဝမှာတည်းက ဘာစီလိုနာအသင်းဖော်တွေဖြစ်ခဲ့ပြီး အခု ဇာဗီနည်းပြဖြစ်လာချိန်မှာတော့ ဆရာတပည့်ဆက်ဆံရေးဖြစ်လာခဲ့ပါတယ်။ ဇာဗီရဲ့အနာဂတ်အစီအစဥ်မှာ ပီကေးမပါဝင်တဲ့အကြောင်းရင်းက ရှကီရာအပေါ်ဖောက်ပြန်ခဲ့တဲ့အကြောင်းရင်းနဲ့ သက်ဆိုင်မှုရှိ၊ မရှိဆိုတာကိုတော့ တစုံတရာ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က