အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ကတော့ သူ့ရဲ့ မွေးနေ့မှာ မျက်စိတစ်ဖက်လပ်နေတဲ့ ဝေဒနာရှင်တွေအတွက် လိုအပ်တာတွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအလှူကိုတော့ မိခင်ဖြစ်သူနဲ့ အတူတူလုပ်ခွင့်ရလို့ ပီတိဖြစ်ရပါတယ်တဲ့။
ဒီဇင်ဘာလ ၁၄ရက်နေ့ကတော့ အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းမပေါ်မှာတည်ရှိတဲ့ “နွေးထွေးဂေဟာ မျက်စိဆေးခန်း”မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
“ ဒီနေ့ကတော့ အသက် ၅၃ နှစ်ပြည့်တာပါ။ နွေးထွေးဂေဟာဆိုတဲ့ မျက်စိဆေးခန်းမှာ မျက်လုံးတစ်ဖက်လပ် ထည့်ချင်တဲ့ ပုဂ္ဂိုလ် ၁၀ယောက်အတွက်ကို အလှူလာလုပ်တာပါ။ မွေးနေ့အကြိုအနေနဲ့ကတော့ ရွှေတိဂုံဘုရားရဲ့ ဗုဒ္ဓဟူးထောင့်မှာ ဆီမီး တစ်ထောင့်တစ်ရာ လှူခဲ့တယ်။ ပြီးတော့ ယောဂီသဘက်နဲ့ လက်ဖက်ခြောက်ထုတ်တွေ လှူခဲ့တယ်” လို့ ဆိုပါတယ်။
ရန်အောင်ကတော့ အသက် ၅၃နှစ်ပြည့် မွေးနေ့မှာ မိခင်ဖြစ်သူနဲ့အတူ အလှူအတန်းတွေ လုပ်ခွင့်ရတာကြောင့်လည်း ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်သူ ကံကောင်းတဲ့ လူသားလို့လည်းခံယူထားတယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်ပိုင်းက မွေးနေ့အလှူမှာ ဖြေဆိုခဲ့ပါတယ်။
“မနှစ်ကတော့ အမေ့ကို ပိုက်ဆံ သိန်း ၁၀၀ နဲ့ ကန်တော့ဖြစ်တယ်။ ဒီနှစ်တော့ အမေက ရတယ် ဘာမှ မလုပ်ပေးနဲ့ပေါ့။ ငါ့သား လှူစရာရှိတာသာလှူ လို့ပြောတယ်။ ပြီးတော့ အမေ့ကို ဒီနေ့ ဒီအချိန်အထိ ကျေးဇူးတင်တာက အမေ မွေးလာပေးတဲ့သားက ဒီနေ့ ဒီအချိန်ထိ ရှိနေနိုင်သေးလိ့ု ကျေးဇူးတင်တယ်။ ကျွန်တော် ကံအရမ်းကောင်းတယ်လို့လည်း ပြောလို့ရတယ်။ အမေက ကျွန်တော်လှူတဲ့နောက်ကိုလည်း လိုက်နိုင်တယ်၊ သာဓုခေါ်နိုင်တယ်၊ သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်ပေါ့နော်” လို့ သူကပြောပါတယ်။
ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။