လိုချင်တဲ့ ဘဝလေး ရအောင် ကြိုးစားနေပါတယ်တဲ့။

နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ ချစ်သူသက်တမ်းက (၇)နှစ် ကျော်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo ; ဖြိုးလေး FB

အဆိုတော် ဖြိုးလေး(Snare ) က‌ မကြာခင်မှာ ချစ်သူဖဝါဆိုမိုးဦးနဲ့ နှစ်ယောက်တစ်ဘဝလေးကို ထူထောင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ နှစ်ယောက်သား လိုချင်တဲ့ ဘဝလေး ရပြီဆိုတော့ မင်္ဂလာပွဲ ကျင်းပဖို့ စီစဥ်တော့မှာပါလို့ Duwun ကို ပြောပါတယ်။

“မင်္ဂလာပွဲကတော့ ကြိုးစားနေပါတယ်။ စီးပွားရေးလေးတွေ လုပ်ပြီး အခြေအနေလေးတွေ ကြည့်ရင်းနဲ့ ဖြေးဖြေးချင်းပေ့ါနော်။ အရမ်းကြီးတော့ မကြာတော့ပါဘူး (၃)(၄)(၅)နှစ်လောက်တော့ မကြာတော့ပါဘူး။ ကျွန်တော်တို့ အတူတူ စီးပွားရေးလေးတွေ လုပ်နေတယ်။ အတူတူနေမယ့် အိမ်လေးတွေ စီစဥ်မယ်။ စီစဥ်စရာလေးတွေ ရှိသေးတောလေး နေချင်တဲ့ ဘဝအခြေအနေလေးရပြီဆိုတာနဲ့ မင်္ဂလာပွဲအတွက် စီစဥ်သွားမှာပါ” လို့ ဖြိုးလေးက ဆိုပါတယ်။

Photo ; ဖြိုးလေး FB

ရန်တွေဖြစ်လိုက် ပြန်ချစ်လိုက်အချိန်တွေကို ကျော်လွန်ခဲ့ပြီး အခုဆိုရင် နှစ်ယောက်သား ရန်သိပ်မဖြစ်တော့ပဲ ရင့်ကျက်ပြီး ဘဝအတွက် ကြိုးစားတဲ့ အချိန်လေးကို ရောက်ရှိနေပြီလို့လည်း ဖြိုးလေးက ပြောပြခဲ့ပါသေးတယ်။

“အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက်က ဘာမှမဟုတ်ဘဲနဲ့ကို ရန်ဖြစ်ကြတာများတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဘာမှ မဟုတ်တာတွေကို အဟုတ်လုပ်မနေတော့ဘူး။ နောက်ဆုံး သူလည်း ကိုယ့်ဘေးနားရှိမှ ပျော်မယ်၊ ကိုယ်လည်း သူ့ဘေးနားရှိမှ ပျော်တယ်ဆိုတဲ့ အနေအထားကို သိသွားတဲ့ အချိန်မှာ ကျန်တာက အသေးအဖွဲလေးတွေ ဖြစ်သွားတာပေ့ါ။ ဝါဆိုကတော့ အရင်ကထက် စာရင် အများကြီး ရင့်ကျက်လာပြီပဲ ပြောရမှာပေ့ါ။ဒါပေမယ့် တစ်ခါတလေတော့ ကလေးဆန်တာလေးတွေ ရှိနေသေးတယ်” ဆိုပြီး ချစ်သူကောင်မလေး အပေါ် ထားတဲ့ စိတ်ကလေးကိုလည်း ပြောပြခဲ့ပါသေးတယ်။

Photo ; ဖြိုးလေး FB

အခုဆိုရင် ဖြိုးလေးနဲ့ဝါဆိုမိုးဦးဟာ နှစ်ယောက်အတူတူ စီးပွားရေးတွေ လုပ်ကာ ဘဝအတွက် ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ကိုယ်တိုင်စီးပွားရေး လောကထဲမှာ နေရာတစ်ခု ရရှိခဲ့တဲ့ ဖြိုးလေးအနေနဲ့ ဝါဆိုမိုးဦးအတွက် စီးပွားရေး လုပ်ငန်းလေးတွေ လုပ်ဖို့ အကြံပေးဖြစ်နေတာတွေ့ရပါတယ်။ မကြာသေးခင်က ဝါဆိုမိုးဦးဖွင့်လှစ်လိုက်တဲ့ "Juno beauty and nail bar"ဆိုတဲ့ ဆိုင်လေး‌အတွက်လည်း ဘေးကနေ အကြံဥာဏ်လေးတွေ ပေးဖြစ်သလို စီးပွားရေးလုပ်ဖို့ကိုလည်း ဘေးကနေ အများကြီး တိုက်တွန်းခဲ့ရတယ်လို့ ဆိုပါတယ်။

"သူကစီးပွားရေး လုပ်ရမှာ ကြောက်တယ်၊ မလုပ်ရဲဘူးဖြစ်နေတော့ မနည်းအားပေးပြီး လုပ်ခိုင်းထားတာပေ့ါ။အကိုကတော့ စီးပွားရေး လုပ်စေချင်တယ်။ ကိုယ်စိတ်လေတာ ဘာညာ ဖြစ်နေရင်တောင် အလုပ်လေး ရှိတော့ ကိုယ့်စိတ်ငြိမ်တာပေ့ါ။ အလုပ်နဲ့ ပတ်သက်ပြီး စိတ်လျော့ ခိုင်းရတယ်။ဘေးကနေ ကိုယ်သိတာလေးတွေ ဝိုင်းပြောပေးဖြစ်တာပေ့ါ" လို့ သူက ပြောပါတယ်။


ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၆ ခုနှစ်လောက်မှာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း(၇) နှစ်တာ ခရီးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ နဲ့ တည်ဆောက်ထားကြတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေမှာလည်း ဖေးမကူညီပေးတာတွေ တွေ့ရသလို အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း အတွဲညီညီ ဆောင်ရွက်လေ့ရှိတဲ့ ချစ်သူ စုံတွဲ တစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းကို မကြာခင်မှာ ပရိသတ်တွေ ကြားရတော့မှာပါ။

Share

Loading Next Article...
က္က