မင်္ဂလာပွဲမှာ သတို့သမီးဝတ်စုံလေး ချပ်ချပ်ကပ်ကပ်နဲ့ အလှဆုံးဖြစ်နေဖို့ သတို့သမီးအများစုက ဝိတ်ချချင်ကြပါတယ်။ မင်္ဂလာ ပွဲကလည်းနီးလို့ အလုပ်တွေကလည်း များတဲ့ကာလမှာ ရက်တိုတိုနဲ့ ဝိတ်အမြန်ကျအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဝိတ်ချသင့်သလဲဆိုတာ အာဟာရအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က အခုလို အကြံပြုမျှဝေထားပါတယ်။
ရက်တိုတိုနဲ့ ဝိတ်ချတဲ့အခါမှာ အဓိက နည်းလမ်း (၂)ခုနဲ့ချတာကတော့ အသင့်တော်ဆုံးပါပဲ။ နည်းလမ်း (၂) ခုကတော့ Intermittent Fasting (IF) နည်းလမ်းနဲ့ Keto Diet နည်းလမ်းတို့ဖြစ်ပါတယ်။
ဓာတ်ပုံ - Freepik
Intermittent Fasting (IF) ဆိုတာ
အလွယ်ဆုံးပြောရရင် အချိန်ကို အချိုးချပြီး စားသုံးခြင်းလို့ ခေါ်ပါတယ်။ ဥပမာ 16:8 လုပ်မယ်ဆိုတဲ့အခါ ၈ နာရီ အတွင်းမှာ ပုံမှန်စားပြီး ကျန်တဲ့ ၁၆ နာရီမှာ အစာဖြတ်ရမှာဖြစ်ပါတယ်။ 20:4 က တော့ ၄ နာရီအတွင်း စားပြီး ကျန်တဲ့ နာရီ ၂၀ ကို အစာဖြတ်ရမှာပါ။ 20:4 နည်းလမ်းလေးက ပိုပြင်းထန်တဲ့အတွက် အခုမှ IF ဝင်မယ့်သူတွေအနေနဲ့ မသင့်တော်သေးပါဘူး။
IFနည်းလမ်းနဲ့ ဝိတ်ချတော့မယ်ဆိုရင်
မိမိက intermittent fasting (IF) ကို 16:8 ဝင်မယ်ဆိုရင် ကိုယ်စပြီး အစားစားမယ့်အချိန်ကိုတော့ အဆင်ပြေသလို မှတ်ထားလို့ရပါတယ်။ မနက် ၇ နာရီမှာ စစားမယ်ဆိုရင် ညနေ ၃ နာရီအထိပဲ အစာစားရပါမယ်။ အလွယ်ဆုံးပြောရရင် ဥပုပ်စောင့်သလို စားရတာဖြစ်ပါတယ်။
ဓာတ်ပုံ - Medium
IF ဝင်တဲ့အခါ ဘာတွေစားကြမလဲ။
မနက်စာပုံမှန်စားလို့ ရပါတယ်။ ခေါက်ဆွဲသုပ်၊ မုန့်ဟင်းခါး စသဖြင့် ကိုယ်စားချင်တာကို စားလို့ ရပါတယ်။ နေ့လယ်စာ ဆိုလည်း ပုံမှန်ထမင်းစားလို့ရပါတယ်။ ညပိုင်းဆိုရင်တော့ အစာလုံးဝဖြတ်ရမှာ ဖြစ်ပါတယ်။ မနေနိုင်လို့ တစ်ခုခုစားချင်တယ်ဆိုရင်တော့ Green Tea သောက်တာ Chia Seeds နဲ့ နို့သောက်တာမျိုး၊ ဒိန်ချဥ်သောက်တာမျိုးတို့ လုပ်လို့ ရပါတယ်။
Intermittent Fasting ဝင်တဲ့အခါ စားချိန်ကို ဘယ်လိုသတ်မှတ်သင့်သလဲ။
intermittent fasting ကို ဥပမာ ညနေ ၄ နာ ရီသို့မဟုတ် ၆ နာ ရီ မှာစလုပ်မယ်ဆိုပါစို့။ အဲဒီတော့ ၆ နာ ရီကစပြီး ဘာမှမစားတော့ဘူးဆို ရင် နောက်တစ်နေ့မနက် ၉ နာရီမှာ ပြန်စပြီးစားလို့ရပါတယ်။ အဲဒါဆို ၁၃ နာရီ ၁၄ နာရီလောက် အစာမစားဘဲ နေရပါတယ်။ intermittent fasting လုပ်တဲ့အခါမှာ အနည်းဆုံး ၁၄ နာရီ လောက်အစားမစားဘဲနေတာ အကောင်းဆုံးပါပဲ။
၁၆ နာရီစာ intermittent fasting လုပ်မယ်ဆို ရင် ညနေ ၃,၄ နာ ရီလောက်က စပြီး နောက်တစ်နေ့ မနက် ၉ နာ ရီအထိ ဘာမှမစားဘဲနေ ရပါတယ်။
Intermittent Fasting ဝင်တဲ့အခါ ဖြစ်နိုင်တဲ့ကောင်းကျိုးဆိုးကျိုး
Intermittent Fasting နည်းလမ်းကတော့ အစားအသောက်လည်း တကူးတက ရှောင်စရာမလိုသလို တခြား Diet နည်းလမ်းတွေထက် ပိုပြီးလွယ်ကူစေပြီး ဝိတ်လည်း အမြန်ကျစေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ အချိန်တိုအတွင်း ဝိတ်ကျဖို့ လိုမှသာ လုပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ရေရှည်အတွက်ဆိုရင် ဒီနည်းလမ်းက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဝိတ်ချတယ်ဆိုတာ တစ်ပတ်ကို နှစ်ပေါင်နှုန်းပဲ ကျ ရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့တစ်လတည်းနဲ့ ပေါင် ၂၀၊၃၀ လောက် ကျသွားတယ်ဆိုတာ ခန္ဓာကိုယ်ဇီဝဖြစ်စဥ်ကို အတင်းလုပ်ယူသလို ဖြစ်သွားတဲ့အတွက် နောက်ပိုင်းမှာ အသည်း ပျက်စီးသွားနိုင်တာကို သတိပြုဖို့ လိုပါတယ်။
Keto Diet ဆိုတာ
Keto Diet ဆိုတာ အဓိကကတော့ carbohydrate အများဆုံးပါဝင်တဲ့ ထမင်း၊ ခေါက်ဆွဲတို့ လုံးဝဖြတ်ရတာဖြစ်ပါတယ်။ Keto Diet နည်းလမ်းနဲ့ ဝိတ်ချတယ်ဆိုတာ ၁၀ ရာခိုင်နှုန်းက ကာဗွန်ဟိုက်ဒြိတ်၊ ၇၅ ရာခိုင်နှုန်းက အဆိဓာတ်စားပြီးတော့ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက အသားစားရတာဖြစ်ပါတယ်။
ဓာတ်ပုံ - Freepik
အများဆုံး ၆ ပတ်ကနေ ၈ ပတ်လောက်အထိပဲ စားသင့်တဲ့ Keto Diet
Keto Diet နည်းနဲ့ ဝိတ်ချတဲ့အခါမှာ ရေတိုလုပ်တာပဲ သင့်တော်ပါတယ်။ Keto Diet အတိုင်းစားတော့မယ်ဆိုရင် အများဆုံး ၆ ပတ်ကနေ ၈ ပတ်အထိလောက်ပဲ စားလို့သင့်တော်ပါတယ်။ အဲ့ထက်ကြာသွားရင် ဆိုးကျိုးတွေ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ Keto Diet ဆိုတာ ကာဗွန်ဟိုက်ဒြိတ်အများဆုံးပါဝင်တဲ့ ထမင်း၊ ခေါက်ဆွဲတို့ကိုလျှော့လိုက်တာဖြစ်တာကြောင့် ဒီနည်လမ်းက တအားဝနေတဲ့သူတွေအတွက် ချက်ချင်းကြီး ပေါင်ချိန်တွေ ရုတ်တရက် ကျသွားတတ်ပေမယ့် နောက်ပိုင်းမှာ အဆင်မပြေနိုင်ပါဘူး။
တကယ့် နိုင်ငံကြီးတွေ ဖြစ်တဲ့ အမေရိကန်နိုင်ငံတွေမှာတောင် ကီတိုနည်းလမ်းနဲ့ ဝိတ်ချတာကို ထပ်ပြီးသုတေသနပြုဖို့ လိုအပ်နေသေးပြီး အရမ်းအောင်မြင်တဲ့နည်းလမ်းတစ်ခုလို့ မပြောနိုင်သေးပါဘူး။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါသေးတယ်။ ဒါကြောင့် လူတစ်ယောက်က Keto Diet နဲ့ ဝိတ်ချသင့်လား မသင့်ဘူးလားဆိုတာကို ဆရာဝန်တွေ အာဟာရပညာရှင်တွေက သာ ဆုံးဖြတ်သင့်ပါတယ်။
ဒါကြောင့် သတို့သမီးလေးတွေအနေနဲ့ မင်္ဂလာပွဲအမှီ ရေတိုနည်းနဲ့ ဝိတ်ချချင်တယ်ဆိုရင်တော့ အခုပြောပြပေးထားတဲ့ နည်းလမ်း (၂) ခုထဲက ကိုယ်နဲ့ အဆင်ပြေတာကို ကြိုးစားကြည့်ကြပါနော်။ ဒါပေမယ့် ဒီနည်းလမ်းတွေက ရေတိုနည်းလမ်းတွေသာဖြစ်တာမို့ ရေရှည်ဆို ဆိုးကျိုးတွေ ရှိနိုင်တာကို အထူးသတိပြုဖို့ လိုပါတယ်။