မင်းဂွတ်သီးကို အတော်များများကြိုက်နှစ်သက်ပြီး စားဖူးကြလိမ့်မယ်ထင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ဒီရာသီက မင်းဂွတ်သီးပေါ်ချိန်ဖြစ်ပြီး လှိုင်လှိုင်ကြီးပေါများတဲ့ကာလဖြစ်လို့ ကြိုက်နှစ်သက်သူတွေအတွက်စိတ်ကြိုက်စားသုံးနိုင်တဲ့အချိန်ပါ။ မြန်မာလူမျိုးတွေအနေနဲ့လည်း မင်းဂွတ်သီးကိုဒီအတိုင်းကြိုက်လို့စားကြသလို ဒူးရင်းသီးစားပြီးရင် အအေးစာအနေနဲ့ စားသုံးပေးတဲ့အလေ့အထလည်းရှိပါတယ်။ မင်းဂွတ်သီးနဲ့ပတ်သက်ပြီး မှတ်သားနားလည်မှုအများအပြားလည်းရှိနေကြပါတယ်။ တကယ်တော့ မင်းဂွတ်သီးက လူ့ကျန်းမာရေးကိုအကျိုးပြုစေတဲ့ အသီးတစ်မျိုးဖြစ်ပြီး မင်းဂွတ်သီးစားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် သာမကဘဲ အလှအပရေးရာမှာပါအကျိုးပြုစေတာကို သိတဲ့သူအရမ်းနည်းပါတယ်။ ဒါကြောင့်မို့ မင်းဂွတ်သီးရဲ့ မထင်မှတ်ထားတဲ့ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
မြင့်မားတဲ့ အာဟာရဓာတ်
မင်းဂွတ်သီးက အာဟာရဓာတ်အင်မတန်မြင့်မားတဲ့အသီးတစ်မျိုးပါ။ ကယ်လိုရီနည်းပါးပေမယ့် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များစွာကိုထောက်ပံ့ပေးပါတယ်။ မင်းဂွတ်သီးတစ်လုံးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ၁၂မျိုးအထိပါဝင်ပါတယ်။
မင်းဂွတ်သီးမှာပါတဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေဟာ DNA ထုတ်လုပ်မှုအပါအဝင်၊ ကြွက်သားကျုံ့ခြင်း၊ အနာကျက်ခြင်း၊ ကိုယ်ခံစွမ်းအားနဲ့ အာရုံကြောအချက်ပြခြင်းအစရှိတဲ့ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာများစွာကို ထိန်းသိမ်းရာမှာ အရေးပါပါတယ်။
ကင်ဆာ၊နှလုံးရောဂါနဲ့ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးနိုင်
တိရစ္ဆာန်သုတေသနစမ်းသပ်ချက်အရ မင်းဂွတ်သီးမှာပါဝင်တဲ့ အပင်ဒြပ်ပေါင်းတွေနဲ့အမျှင်ဓာတ်တွေက ယောင်ရမ်းမှုကိုသက်သာစေတဲ့အစွမ်းသတ္တိရှိတယ်လို့ သိရပါတယ်။ လူသားတွေရဲ့ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ယောင်ရမ်းမှုကို ဘယ်လောက်အထိလျော့ချပေးနိုင်သလဲဆိုတာကိုတော့ အသေးစိတ်စမ်းသဆိုပ်နေဆဲပါ။
တိရစ္ဆာန်တွေနဲ့စမ်းသပ်ချက်အရတော့ လူ့ခန္ဓာကိုယ်မှာဖြစ်ပွားစေတဲ့ ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုအစရှိတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့သိရပါတယ်။
မင်းဂွတ်သီးစားရင် ဝိတ်ကျစေတယ်
Photo: Stylecraze
မင်းဂွတ်သီးစားရင် ဝိတ်ကျစေတယ်ဆိုတဲ့ စမ်းသပ်ချက်တစ်ရပ်ကို လေ့လာတွေ့ရှိထားပါပြီ။ အဆီများတဲ့အစားအသောက်တွေစားပြီး ဝဖြိုးနေတဲ့ကြွက်တွေကိုမင်းဂွတ်သီးဖြည့်စွက်အစာကျွေးပြီးစမ်းသပ်ရာမှာ သိသာသာဝိတ်ကျစေတယ်ဆိုတဲ့ရလဒ်ကိုရရှိထားပါတယ်။
(၈) ပတ်ကြာလေ့လာစမ်းသပ်ချက်တစ်ရပ်မှာလည်း မင်းဂွတ်သီးစားသုံးခြင်းက ခန္ဓာကိုယ်အလေးချိန်များနေသူတွေ (၉) အောင်စဝန်းကျင်အထိလျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။
သွေးအတွင်းသကြားဓာတ်ထိန်းချုပ်မှုကို မျှတစေနိုင်
မင်းဂွတ်သီးဟာ အမျှင်ဓာတ်အင်မတန်ကြွယ်ဝပြီး သွေးအတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန်နဲ့ ဆီးချိုရောဂါထိန်းချုပ်မှုကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်ကိုပေးစွမ်းနိုင်ပါတယ်။
အဝလွန်အမျိုးသမီးတွေကို မင်းဂွတ်သီးဖြည့်စွက်အစာနေ့စဉ် 400mg ကိုကျွေးပြီးစမ်းသပ်ခဲ့ရာမှာတော့ (၂၆)ပတ်အကြာမှာ သွေးအတွင်းသကြားထိန်းညှိမှုကိုသိသိသာသာတိုးတက်လာစေပြီး ဆီးချိုဖြစ်ပွားမှုကိုလျှော့ချနိုင်ခဲ့တယ်လို့သိရပါတယ်။
အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်
Photo: myUpchar
မင်းဂွတ်သီးဟာ အရေပြားကိုထိခိုက်ပျက်စီးစေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် B(UVB) ကိုကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို နူးညံ့ပျော့ပြောင်းစေပြီး အိုမင်းခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
အရေပြားအလှအပရေးရာကိစ္စရပ်တွေအတွက် အသုံးဝင်သလို အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။
Ref: Healthline
Share