ယူနိုက်တက်ရဲ့နိုင်ပွဲအတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်ပြီး ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲကို ခံစားခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲက တော်တော်လေး အကြိတ်အနယ်ရှိခဲ့ပြီး မိနစ် (၉၀) အတွင်း သရေကျနေတာကြောင့် အချိန်ပိုပါ ဆက်ကစားခဲ့ရတာပါ။



ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို တွမ်မီနေးက စောစောစီးစီး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ မက်အယ်လစ္စတာ၊ ဆာလာတို့က လီဗာပူးအတွက် နှစ်ဂိုးဆက်တိုက်သွင်းယူပြီး ၁-၂ ဂိုးနဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါးလည်း ဒီရလဒ်နဲ့ လီဗာပူးတို့ ဦးဆောင်ခဲ့တာပါ။

ဒါပေမယ့် ပွဲပြီးခါနီးမှာ လူစားဝင်ကစားသမား အန်တိုနီက ညာခြေနဲ့ ယူနိုက်တက်အတွက် ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီသရေကျပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာလည်း လီဗာပူးအတွက် အီလီယော့က ဦးဆောင်ဂိုး ထပ်သွင်းပေမယ့် ရပ်ရှ်ဖို့ဒ်ရဲ့ ချေပဂိုး၊ ဒီယာလိုရဲ့ နောက်ကျအနိုင်ဂိုးတွေကြောင့် ယူနိုက်တက်တို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ ဂိုးသွင်းရှင်စာရင်းထဲ မပါဝင်ခဲ့ပေမယ့် မိနစ် (၁၂၀) လုံးလုံး အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အကောင်းဆုံးရုန်းကန်ပြီး ခြေစွမ်းပြခဲ့တဲ့ ကစားသမားကတော့ ဂါနာချိုပဲဖြစ်ပါတယ်။ ဒီကောင်လေးက လီဗာပူးရဲ့ ညာခြမ်းခံစစ်ကို တောက်လျှောက် ဒုက္ခပေးသွားခဲ့တာပါ။

ဒါ့အပြင် အချိန်ပိုနောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ဒီယာလိုရဲ့ နောက်ကျဂိုးအတွက်လည်း ကိုယ့်ရဲ့ဂိုးဧရိယာထိပ်မှာ အီလီယော့ဆီက ဘောလုံးကို ဖြတ်လုနိုင်ခဲ့ပြီး တောက်လျှောက် ဆွဲပြေးကာ ဂိုးဖန်တီးပေးခဲ့တာပါ။ သူ့ရဲ့ ဒီတစ်ပွဲလုံး စွမ်းဆောင်ရည်ကြောင့်လည်း ပွဲအပြီးမှာ တန်ဟက်ခ်က အထူးတလည် ဂုဏ်ပြုခဲ့ရပြီး သူ့ရဲ့ စိတ်အားထက်သန်မှု၊ ကြိုးစားရုန်းကန်မှုတွေကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက ဒီကောင်လေးကို ချီးကျူးဂုဏ်ပြုလျက်ရှိနေကြပါတယ်။

Share

Loading Next Article...
က္က