ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ်တူဟယ်လ်က ယူနိုက်တက်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုပွဲမတိုင်ခင် သတိပေး စကားပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီနေ့ည အိုးထရက်ဖို့ဒ်ကွင်းမှာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲကို ကစားရမှာပါ။
ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲမတိုင်ခင်ကတည်းက ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ကို အုပ်စုဗိုလ်နေရာနဲ့ တက်ရောက်ဖို့ အာမခံချက်ရရှိပြီးဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ ဆန့်ကျင်ဘက် အနေအထားကို ရောက်ရှိနေပါတယ်။
ဒီနေ့ည ဘိုင်ယန်မြူးနစ်ကို ယူနိုက်တက်တို့ မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်သလို တစ်ဖက်က ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင်ပွဲရလဒ်ကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်။ တူဟယ်လ်ကတော့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် အခုလိုပဲ သတိပေးစကား ပြောကြားခဲ့ပါတယ်။
တူဟယ်လ်က “ကျွန်တော် ယူနိုက်တက်ကစားပုံကို လေ့လာကြည့်တဲ့အခါ သူတို့မှာ တစ်ဦးချင်းအရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိသလို ကောင်းကွက်တွေလည်း အများကြီး၊ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့က အစ္စတန်ဘူလ်မှာလိုမျိုး ကားဆရာခုံမှာ ထိုင်နေရသလိုမျိုးတွေလည်း အများကြီးဖြစ်တတ်ပါတယ်”
“အချို့မိနစ်အနည်းငယ်က အရာအားလုံးကို ပြောင်းလဲသွားနိုင်အောင် လှုပ်ခတ်နိုင်စွမ်းရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံးကစားထားတဲ့ ဖရန့်ဖတ်နဲ့ ဘွန်ဒက်စ်လီဂါအဝေးကွင်းမှာ ၅-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့တာကြောင့် ယူနိုက်တက်နဲ့ပွဲမှာ နိုင်ပွဲ ပြန်ရှာတွေ့ဖို့ လိုအပ်နေပါတယ်။