ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို သုံးသပ်ခဲ့ရာမှာ ပြောဆိုခဲ့တာပါ။

ဆော်ဒီကလပ်အယ်လ်နာဆာကို ရော်နယ်ဒို ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ဂယ်ရီနဗီးလ်နဲ့ ဂျင်မီကာရေဂါတို့က သူတို့ရဲ့ အမြင်တွေကို ကိုယ်စီပြောဆိုသွားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ဝမ်းနည်းဖွယ်ရာကောင်းတယ်လို့ နှစ်ဦးစလုံးက ပြောဆိုခဲ့ကြပြီး ကာရေဂါကတော့ မက်ဆီက ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တယ်ဆိုတာကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ကို တနှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂နှစ်ခွဲစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ်ရာအင်တာဗျူးအပြီး မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ရကာ အရှေ့အလယ်ပိုင်းဒေသကို ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်-လက်စတာပွဲစဉ်ကို Sky Sports ကတဆင့် ကာရေဂါနဲ့အတူ စီစဉ်တင်ဆက်ပေးနေချိန်မှာ နဗီးလ်က "သူ ဥရောပမှာ ဆက်နေချင်တယ်လို့ ကျနော်ခံစားရတယ်၊ သူ့အတွက် ကလပ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေကလည်း ရောက်မလာခဲ့ပါဘူး၊ ကျနော့်အတွက် ဝမ်းနည်းစရာအချက်တခုကတော့ ရော်နယ်ဒိုရဲ့ ထိပ်တန်းအဆင့်က အိုးထရက်ဖို့ဒ်မှာ ပြီးဆုံးသွားခဲ့တာပါ၊ သူ့ရဲ့ ကစားသမားဘ၀ကို ဆော်ဒီမှာပဲ အဆုံးသတ်မယ့်ပုံပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ 

ကာရေဂါကလည်း "ဒါက သူ့အတွက် ဝမ်းနည်းစရာအဆုံးသတ်ပါပဲ၊ ရော်နယ်ဒိုက ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးလုပ်ပြီး သူ့ကစားသမားဘ၀ကို အဆုံးသတ်ခဲ့တာပါ၊ မက်ဆီကတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ထာဝရအကောင်းဆုံးကစားသမားတွေပါ၊ ဒါနဲ့ ပတ်သက်ပြီး အငြင်းအခုံပြုလုပ်တာကတော့ အမြဲတမ်းရှိနေမှာပါပဲ” လို့ ဆိုပါတယ်။ 

အယ်လ်နာဆာကတော့ "ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးအားကစားသမားတနဦးကို အယ်လ်နာဆာက တရားဝင်ခေါ်ယူလိုက်ပါ​ပြီ" လို့ ကြေညာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ဆော်ဒီက လျှောက်ထားမှုမှာ အခြားပြိုင်ဘက်တွေဖြစ်တဲ့ အီဂျစ်နဲ့ ဂရိကို အနိုင်ရဖို့အတွက်လည်း ကူညီပေးရမယ့် သံတမန်တဦးအဖြစ်နဲ့လည်း တာဝန်ယူပေးသွားမယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က