မိစန္ဒီ ကတော့ သူ့ရင်ထဲက ခံစားချက်တွေကို ဖွင့်ထုတ်ပြီး သီချင်းတွေရေးခဲ့တာဖြစ်လို့ ‘’သတ္တိခဲ’’ ဆိုတဲ့ အခွေမှာ ဒီခံစားချက်တွေကို နားထောင်ရတော့မှာဖြစ်ပါတယ်။
အဆိုတော် မိစန္ဒီကတော့ သူမရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်အခွေကို ပရိသတ်လက်ထဲ အရောက်ပို့ဆောင်ပေးတော့မှာပါ။ ဒီအခွေရဲ့ နာမည်ကိုတော့ ‘’သတ္တိခဲ’’ လို့ပေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။
‘’ ဒီအခွေကလည်း မိစန္ဒီ စိတ်တအားညစ်တဲ့အချိန်မှာ လုပ်ထားတာပေါ့နော်။ အဲဒီအချိန်မှာ စဉ်းစားတယ်။ ပြန်ထရမယ် ပြန်ထလည်း နောက်တစ်ခေါက် လဲရင် လဲဦးမှာပဲ။ အဲဒါကြီးကို ကြောက်နေပြီးတော့ ပြန်မထလို့မရဘူး။ ထကို ထရမယ်၊ သတ္တိတော့ရှိရမယ်။ ငါ့မှာ သတ္တိရှိတယ်၊ ပြန်ထအောင်လုပ်မယ့် စိတ်ရှိတယ်ဆိုတဲ့ စိတ်နဲ့ သတ္တိခဲဆိုတဲ့ သီချင်းလေးကို ရေးဖြစ်လိုက်တယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့ညက ‘’သတ္တိခဲ’’ အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Mi Sandi
ဒီ သီချင်းအခွေရဲ့ ထူးခြားမှုကတော့ ပါဝင်သီဆိုပေးထားကြတဲ့ အဆိုတော်တွေက မိန်းကလေးတွေပဲ ပါတယ်လို့ မိစန္ဒီက ပြောပါတယ်။ ဒါကလည်း ရည်ရွယ်ချက်တစ်ခုရှိတယ်လို့ ပြောပြခဲ့ပါသေးတယ်။
‘’မိစန္ဒီကကျတော့ Emotional ဖြစ်တယ်။ ကိုယ်က ခံစားချက်လေးတစ်ခုကို သီချင်းတစ်ပုဒ်ဖြစ် အောင်ရေးနိုင်တတ်တယ်။ တော်တော်တော့ ခံရတယ်။ ဒီ အခွေထဲမှာလည်း မိန်းကလေး အဆိုတော်တွေချည်း များတယ်ပေါ့။ မဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဂျူဝယ်လ်၊ အမရာဖုန်း၊ ဝိုင်းလေး၊ ဆိုဖီယာ တို့ပါတယ်ပေါ့နော်။ မိန်းကလေးတွေချည်းပဲ လုပ်ရတာကလည်း ငယ်ငယ်ကတည်းက လုပ်ချင်ခဲ့တဲ့ အရာလေးပေါ့နော်။ Girls Power ကို ပြချင်တာပါ။ ဒီ တစ်ခွေ ၁၆ ပုဒ်စလုံးကလည်း ထိုင်းအဆိုတော်နဲ့ ဆိုထားတဲ့ သီချင်းက လွဲလို့ ကျန်တာတွေ အကုန်လုံး မိစန္ဒီကိုယ်တိုင်ရေးထားတာပါ’’ လို့ ဆိုပါတယ်။
Photo: Mi Sandi
သတ္တိခဲ အခွေကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ အခွေရဲ့ Promotion ပွဲကိုတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ မိစန္ဒီက ပြောပါတယ်။
‘’Promotion က ၂ ပွဲလုပ်မှာပါ။ ရန်ကုန်မှာ တစ်ပွဲ၊ မန္တလေးမှာ တစ်ပွဲလုပ်မှာပါ။ ရန်ကုန်မှာကတော့ Junction Square မှာ ၂၁ ရက်နေ့ စနေနေ့ နေ့လယ် ၃ နာရီကနေ ၆ နာရီအထိလုပ်ပါမယ်။ မန္တလေးမှာကတော့ မင်္ဂလာမန္တလေး Ocen မှာ ၂၂ ရက်နေ့ ၄ နာရီကနေ ၇ နာရီအထိ လုပ်မှာပါ။ ပွဲမှာလည်း MAB Mobile Phone နဲ့ ဝယ်တဲ့လူတွေ အတွက် ‘’သတ္တိခဲ’’ အကျီင်္လေးကို ပထမဦးဆုံးဝယ်တဲ့ ပရိသတ်အယောက် ၁၀၀ ရမယ်။ ပရီမီယမ် ဘောက်စ် လေး ၁၀ ခုကိုလည်း မဲဖောက်ပေးပါမယ်။ ဒါကတော့ MAB Mobile နဲ့ ဝယ်မှပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Mi Snadi
အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။