In partnership with  logo
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ပြသသွားတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ပြသသွားတယ်။

ဟာသသရုပ်ဆောင် Amy Schumer အဓိက သရုပ်ဆောင်ထားတဲ့ I Feel Pretty ကို နမူနာကြည့်တုန်းက ဟာသကားလေးတစ်ကားအနေနဲ့ ကြည့်ချင်ခဲ့တာပဲ ရှိပါတယ်။ တကယ်တမ်းကြည့်လိုက်တဲ့အခါ ဟာသကားဆိုတာထက်ပိုပြီး ခံစားချက်အများကြီး ပေးစွမ်းနိုင်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေဖြစ်ပေါ်စေတာကို တွေ့လိုက်ရတယ်။ အဲဒါကြောင့် I Feel Pretty ဇာတ်ကားလေးရဲ့ Review ကို အမျိုးသမီးတွေအတွက် ရေးသားတင်ဆက်ပေးလိုက်ပါတယ်။



I Feel Pretty (2018) ရုပ်ရှင်ထဲမှာ Amy က ကိုယ့်ကိုယ်ကို စိတ်အပျက်ကြီး ပျက်နေတဲ့ Renee ဆိုတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ပါဝင်ထားတယ်။ သူက သူ့ကိုယ်သူ ဘယ်လိုမှ ကြည့်ပျော်ရှုပျော်မရှိသော အရုပ်ဆိုးတစ်ယောက်လို့ထင်ပြီး စိတ်အပျက်ကြီး ပျက်နေသူပေါ့။ ရုပ်ဆိုးလို့ ချစ်မယ့် ကြိုက်မယ့် ယောက်ျားတောင် မရှိဘူးလို့ ထင်နေတဲ့သူ။

 “I always wondered what it was like to be undeniably pretty.” (ငင်းပယ်လို့မရတဲ့ အလှက ဘယ်လိုမျိုးလဲဆိုတာ အမြဲတမ်း သိချင်နေမိခဲ့တာ) လို့ Renee က မိန်းမချောလေးတစ်ယောက် (Emily Ratajkowski) ကို ပြောတယ်။ ဒီလိုအတွေးမျိုး မိန်းကလေးတိုင်း တစ်ခါတရံရဖူးကြမယ်ထင်တယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို သဘောမကျတိုင်း၊ ပြီးပြည့်စုံတဲ့ အလှတစ်ခုကို တောင့်တမိတာ မိန်းကလေးတိုင်းရဲ့သဘာဝပဲလေ။

တစ်နေ့မှာတော့ မတော်တဆတစ်ခုကြောင့် ခေါင်းကို ထိခိုက်သွားတဲ့ Amy ရဲ့ အမြင်တွေက လုံးဝပြောင်းပြန်ဖြစ်သွားပါတယ်။ သူမကိုယ်သူမ လှပသူလို့ မြင်သွားချိန်မှာ သူမရဲ့ ခံစားချက်တွေကလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တာပါ။

ဒီဇာတ်ကားရဲ့ အဓိကက အချက်က ကိုယ်က ဘယ်လိုပုံစံဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်းက အဓိကပဲ ဆိုတာ ပြောပြသွားတာပါပဲ။ လူတွေရဲ့ထင်မြင်ချက်၊ ရှုံ့ချမှုတွေကိုကျော်ဖြတ်ပြီး ကိုယ်ဖြစ်ချင်တာကို ရိုးရိုးသားသား စိတ်ရှင်းရှင်းနဲ့ လုပ်သွားဖို့လိုတယ်ဆိုတာကို ပြသသွားတယ်။

နောက်ပြီး အချစ်ရေးကိစ္စမှာလည်း ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့အပြုအမူ၊ ခံယူချက်တွေက ယောက်ျားတစ်ယောက်ကို ဘယ်လောက်ထိ စွဲဆောင်နိုင်တယ်ဆိုတာကိုလည်း ဒီဇာတ်လမ်းက ပြသခဲ့ပါသေးတယ်။

“You know who you are and you really don’t care how the world sees you.” (မင်းဘာလဲဆိုတာ မင်းသိတယ်၊ တစ်ကမ္ဘာလုံးက မင်းကို ဘယ်လိုမြင်မြင် လုံးဝဂရုမစိုက်ဘူး) လို့ Renee ရဲ့ချစ်သူ Ethan က Renee ကို မှတ်ချက်ပြုတယ်။

နောက်ပြီး ရုပ်ရည်ချောမောခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းတို့မှာ ဘယ်ဟာ အရေးပါဆုံးလဲဆိုတာကိုလည်း ဒီကားထဲမှာ နှိုင်းယှဉ်ပြသသွားပါတယ်။ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် တချို့အခန်းတွေက Over ဖြစ်နေပေမဲ့ အဓိက ပေးချင်တဲ့ Message ကိုတော့ ထိထိမိမိပေးသွားနိုင်ပါတယ်။

ဒီဇာတ်ကားကြည့်ပြီးချိန်မှာ Confidence ရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ချင်လာမှာ၊ ဖြစ်အောင် ကြိုးစားလာမိမှာပါ။ ဟာသကားလေးမို့ မပျင်းရဘဲ စိတ်ဓာတ်ကျနေမှုတွေကို ပြေလျော့စေမယ့် ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က