မနေ့ညက ကစားခဲ့တဲ့ လိုင်ယွန်နဲ့ပွဲအပြီးမှာ မက်ဆီတယောက် ပရိသတ်တွေကို နှုတ်မဆက်ဘဲ အဝတ်လဲခန်းထဲသာ တန်းဝင်သွားခဲ့ပါတယ်။ ဒီပွဲမှာ သူ့ကို ပီအက်စ်ဂျီပရိသတ်တွေက ဝိုင်းလှောင်ပြောင်ခဲ့ကြပြီး မက်ဆီတယောက် ဘာစီလိုနာမှာ မတွေ့ဖူးတာတွေကို ရင်ဆိုင်နေရတာပါ။ သူ ကစားပေးခဲ့တဲ့ အာဂျင်တီးနား၊ ဘာကာတို့မှာ မက်ဆီက ပရိသတ်တွေဆီက အားပေးသံတွေကိုပဲ ကြားနေခဲ့ရတာပါ။
ပီအက်စ်ဂျီမှာတော့ သူ့ကို ဆက်တိုက်လှောင်ပြောင်နေကြပြီး အခုတော့ ဘာစီလိုနာအသင်းဖော်ဟောင်းအွန်နရီကတောင် မက်ဆီအတွက် မခံမရပ်နိုင်ဖြစ်နေပါပြီ။ ပြင်သစ်ကစားသမားတဦးဖြစ်တဲ့ အွန်နရီက မက်ဆီကို ဘာစီလိုနာဆီသာ ပြန်သွားဖို့ တိုက်တွန်းခဲ့ပြီး ပီအက်စ်ဂျီပရိသတ်တွေကိုလည်း ဒီလိုပြုမူခဲ့တဲ့အတွက် ဝေဖန်ရှုတ်ချခဲ့ပါတယ်။
အွန်နရီက "Parc ကွင်းကနေ ဒီလိုမျိုး လှောင်ပြောင်သံတွေထွက်လာတာက ရှက်ဖို့တောင်ကောင်းပါတယ်၊ အသင်းရဲ့ အကောင်းဆုံးကစာသးမးတဦး၊ ဒီရာသီမှာ ၁၃ ဂိုးသွင်းပြီး ၁၃ ကြိမ်ဖန်တီးပေးထားတဲ့ ကစားသမားကို သူတို့တွေ ဒီလိုမလုပ်သင့်ပါဘူး၊ ပုဂ္ဂိုလ်ရေးအရဆိုရင် သူ့ကို ဘာစီလိုနာမှာပဲ ကစားသမားဘ၀ကုန်ဆုံးတာ ကျနော်မြင်ချင်တယ်"
"ဥရောပမှာပေါ့၊ ပြီးတော့ သူ ဘာလုပ်မလဲ ကျနော်မသိဘူး၊ မက်ဆီက ဘောလုံးကိုချစ်မြတ်နိုးသူဖြစ်လို့ ဘာစီလိုနာကို သေချာပေါက်ပြန်သွားသင့်ပါတယ်၊ သူရသင့်တဲ့ လေးစားမှုမျိုးမရတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ မက်ဆီကတော့ ပီအက်စ်ဂျီနဲ့ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိ သဘောတူညီမှုတော့မရသေးပါဘူး။
မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော် တယ်လဂီယာဖီကိုကလည်း "ဘောလုံးဆိုတာက အသင်းလိုက်အားကစားပါ၊ ကစားသမားတဦးတည်းမဟုတ်ပါဘူး" လို့ မနေ့ကပွဲမှာ မက်ဆီလှောင်ပြောင်ခံရပြီးနောက် ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေကတော့ မက်ဆီကို အသင်းကမထွက်ထွက်အောင်တောင် လုပ်နေသလိုပါပဲ။