"ကြည့်ရတာ ခင်ဗျားအကောင့်အစစ်ကိုက အယောင်ဆောင်အကောင့်ပုံပေါ်လို့ နေမှာပေါ့"တဲ့

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးနဲ့ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်တို့အကြား အဖုအထစ်လေးတွေ ရှိနေပါတယ်။

Twitter ပေါ်က အခပေးအတည်ပြုမှုအပေါ် စိုးရိမ်နေတဲ့ လွှတ်တော်အမတ် အက်ဒ် မာကီရဲ့ ဝေဖန်ချက်ကို အီလွန်မတ်စ်က ခပ်ရင့်ရင့် တုန့်ပြန်ရာကနေ မတ်စ်နဲ့ မာကီတို့အကြား ပွဲဖြစ်သွားတယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ သောကြာနေ့မှာ လွှတ်တော်အမတ် မာကီဟာ အကောင့်အတည်ပြုဖို့ လစဉ်ကြေး ၇.၉၉ ဒေါ်လာပေးရတဲ့ Twitter Blue ဝန်ဆောင်မှုသစ်ကို ဝေဖန်တဲ့ စာတစ်စောင်ကို အီလွန်မတ်စ်ဆီရေးပြီး အိတ်ဖွင့်ပေးစာကို လင့်ခ်နဲ့တကွ Tweet တင်ခဲ့ပါတယ်။ 





Photo: Yahoo Finance


စာထဲမှာ The Washington Post က ရေးထားတဲ့ သတင်းထောက်တစ်ယောက်ဟာ မာကီလို အယောင်ဆောင်ပြီး အတည်ပြုအကောင့်တုတစ်ခု အလွယ်ဖန်တီးနိုင်တယ်ဆိုတဲ့ အစီရင်ခံစာကို ကိုးကားပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့ မတ်စ်ကို စာရေးခဲ့တာပါ။ "Twitter ဘက်က ဒါကြီး ဘယ်လိုဖြစ်တယ် ၊ နောက်ထပ် ဒါမျိုး ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ဖြေရှင်းရမယ်" လို့ မာကီက တောင်းဆိုထားတာပါ။

ဒါကို မတ်စ်က "ကြည့်ရတာ ခင်ဗျားအကောင့်အစစ်ကိုက အယောင်ဆောင်အကောင့်ပုံပေါ်လို့ နေမှာပေါ့" လို့ တုန့်ပြန်လိုက်တာပါ။ ဒါနဲ့တင် မရပ်သေးပါဘူး။ နောက်တစ်နာရီလောက်အကြာမှာ "နောက်ပြီး ခင်ဗျား Profile ပုံက ဘာလို့ Mask တပ်ထားတာတုန်းဗျ" လို့ပါ တင်လိုက်ပါတယ်။ လွှတ်တော်အမတ်မာကီရဲ့ Twitter ပရိုဖိုင်ပုံမှာ ပါးစပ်နှာခေါင်းစည်း Mask တပ်ထားတာကို သူက ပြောတာပါ။

မတ်စ်ဘက်က မထီလေးစားမှုကို ပေါက်ကွဲသွားတဲ့ မာကီလည်း "မင်းကုမ္ပဏီတွေထဲက တစ်ခုက FTC အမိန့်ညွှန်ကြားချက်အောက်မှာ ရှိတယ်။ ယာဉ်ဘေးကင်းရေးဘက် ကိုင်တဲ့ NHTSA ကလည်း လူသေမှုနဲ့ နောက်ထပ် စုံစမ်းနေတယ်။ ဒါကို အွန်လိုင်းပေါ်မှာ မင်းက ပွဲရှာနေတယ်။ မင်းကုမ္ပဏီ မင်းပြင်။ မဟုတ်ရင် ကွန်ဂရက်နဲ့ တွေ့မယ်" လို့ ပြန်ကြိမ်းလိုက်တာ ဖြစ်ပါတယ်။ မာကီဟာ နည်းပညာကုမ္ပဏီကြီးတွေကို နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုမှာ ကြီးကြပ်ခဲ့တဲ့ လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

အခပေး Twitter Blue ကတော့ မိတ်ဆက်ပြီး နှစ်ရက်အတွင်း အခြေအနေ မဟန်လို့ ရပ်ဆိုင်းလိုက်ရပါတယ်။ ပိုက်ဆံပေးပြီး အကောင့်ဝယ်ရတဲ့ Blue Subscription သစ်ကို Tolls လုပ်သူတွေက နာမည်ကျော်ပုဂ္ဂိုလ်တွေ ၊ နိုင်ငံရေးသမား နဲ့ စီးပွားရေး Brands တွေပုံစံ အယောင်ဆောင်ပြီး လှောင်ပြောင်ခဲ့ပါတယ်။ Nintendo အကောင့်ယောင်ဆောင်ထားတဲ့ Twitter အကောင့်တစ်ခုက Twitter ကို လက်ခလယ်ထောင်ပြတဲ့ပုံတင်ခဲ့သလို နာမည်ကျော် NBA ကြယ်ပွင့် လီဘရွန်း ဂျိမ်းအယောင်ဆောင်ထားသူတစ်ဦးက Los Angeles Lakers အသင်းကို စွန့်ခွာဖို့ ပြင်နေတယ်ဆိုပြီး သတင်းမှားတွေ ဖြန့်ခဲ့ပါတယ်။


Photo: Forbes

ဒီအကောင့်တုအများစုကို အခုဖြုတ်ချထားပြီ ဖြစ်ပေမယ့်လည်း နောက်ထပ် ဖယ်ရှားရမယ့် အယောင်ဆောင်အကောင့်တုတွေ ကျန်နေဆဲ ဖြစ်ပါတယ်။ Twitter သူဌေးကြီး အီလွန်မတ်စ်ကတော့ အယောင်ဆောင်အကောင့်တွေကို ပလက်ဖောင်းပေါ်ကနေ ထာဝရပိတ်ပင်သွားမယ်လို့ ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က