မိန်းကလေးတစ်ယောက်ရဲ့ ရပ်တည်မှုအပေါ် ပတ်ဝန်းကျင်ရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ အမြဲတမ်းလိုလို ရှိနေတတ်ကြပါတယ်။ နေတာထိုင်တာ သွားတာလာတာတွေအပေါ် မျက်စိဒေါက်ထောက်ကြည့်ပြီး ဝေဖန်နေကြတာမျိုးတွေကလည်း ခုလို ခေတ်မီပါတယ်၊ တန်းတူအခွင့်အရေးတွေပေးနေပါတယ် ဆိုတဲ့ အချိန်မှာတောင် ရှိနေကြစမြဲပဲ ဖြစ်ပါတယ်။ ဒီလို ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက် အာရုံမထားသည့်တိုင်အောင် စိတ်အနှောင့်အယှက်တွေကတော့ ကြုံရစမြဲပါ။
မိန်းမဟာလည်း လူသားပါ
မိန်းမ ယောကျာ်းဆိုတာတွေကို ဘေးဖယ်ထားလိုက်ရင် မိန်းမဆိုတာဟာလည်း လူသားပါပဲ။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် လူသားတစ်ယောက်ရဲ့ အခွင့်အရေးကို ရပိုင်ခွင့်ရှိပါတယ်။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို လုပ်ပိုင်ခွင့်၊ ရယူပိုင်ခွင့်ရှိပါတယ်။ မိန်းမသားဖြစ်နေလို့ လုပ်လို့ ရနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ပယ်ချမှုတွေကို အဆုံးသတ်ချိန်တန်နေပါပြီ။
Architect တစ်ယောက်ဖြစ်တဲ့ မခင်ကြည်ထက် ကလည်း သူ့ဘဝခံယူချက်တွေကို Duwun ကို ခုလို ပြောပြပါတယ်။
"ကျွန်မအတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးတစ်ယောက်ဆိုတာထက် လူသားတစ်ယောက်ဆိုတာကို ပိုပြီးတော့ ခံယူထားတယ်။ ကျွန်မကတော့ အမျိုးသား အမျိုးသမီးဆိုတာတွေထက် ကိုယ့်ကိုယ်ကိုယ် လူသားတစ်ယောက်လိုပဲ ခံယူထားပြီး ကိုယ်လုပ်ချင်တာလုပ်ပြီး စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး နေရတာကို သဘောကျတယ်၊ ကျွန်မစိတ်ကို ချုပ်ကိုင်ထားပြီး ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး လာပြောရင်တော့ ကျွန်မမကြိုက်ဘူး"
ပိုတော်အောင်ကြိုးစားပါ
ဒီစကားဟာ ပြောနေစရာမလိုအောင် မိန်းမသားတွေက ဒီနေ့ခေတ်မှာ အရမ်းတော်ကြပါတယ်။ ကိုယ့်ခွန် ကိုယ့်အား ကိုယ့်ဥာဏကို အခွင့်သင့်တိုင်း ထုတ်သုံးဖို့ အမြဲတွေးတော ကြံစည်နေကြပါပြီ။ ဒီလို နယ်ပယ်အသီးသီးမှာ အောင်မြင်အောင် တိုးတက်အောင် ကြိုးစားနေကြတဲ့ မိန်းမတွေအတွက် မလိုမုန်းထားတဲ့ ပတ်ဝန်းကျင်ရဲ့ စကားတွေဟာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာအတော်ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီလို ဝေဖန်ပြောဆိုနေတဲ့ ပတ်ဝန်းကျင်ရဲ့ ပါးစပ်ပေါက်တွေကို ပိတ်ဖို့ဆိုတာ ကိုယ်က ပိုတော်၊ ပိုတတ်၊ ပိုထက်မြက်အောင် ကြိုးစားမှ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်က ဝေဖန်ပြောဆိုမှုတွေကို ကြုံလာရပြီဆိုရင် ငါ့ကို ပိုကြိုးစားဖို့ တွန်းအားတွေ ပေးနေတာလို့ မှတ်ယူလိုက်ပါ။
မွေးရာပါ ကိုယ်နေဟန်ထား
မိန်းမတိုင်း အလှကြိုက်ကြပါတယ်။ ဘယ်မိန်းမကမှ အလှမကြိုက်ဘူးဆိုတာ မရှိကြပါဘူး။ ဒါ့ကြောင့် မိန်းမတွေရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေထဲမှာ ကိုယ်ခန္ဓာအနေအထားကလည်း ထိပ်ဆုံးကနေ ပါဝင်နေတတ်ကြပါတယ်။ အလှကြိုက်ကြတဲ့ မိန်းမသားတွေအဖို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုမှစိတ်တိုင်းမကျနိုင်ဘဲ ဒါကို ဘေးက ပြစ်တင်ရှုံ့ချတဲ့အခါမျိုးမှာ ပိုပြီး သိမ်ငယ် ဝမ်းနည်းတတ်ကြပါတယ်။ ဒီလိုအချိန်မှာ သတိချပ်ထားရဖို့က ဘယ်သူမှ ပြီးပြည့်စုံနေတဲ့ သူရယ်လို့ မရှိပါဘူး။ လူတိုင်းရဲ့ ခန္ဓာကိုယ်ကလည်း ဒီလိုပါပဲ။ ပြီးပြည့်စုံပြီး လှပနေတဲ့သူဆိုတာ မရှိတဲ့အတွက် ဒီအပေါ်မှာ ကိုယ့်စိတ်ကို သိမ်ငယ်ဝမ်းနည်းစေတာမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။ လူတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့တော့ လှပနေကြတာတွေချည်းပါပဲ။
ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို ယုံကြည်ပါ
ငါ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့။ လူတိုင်းမှာ သူ့ရဲ့ လုပ်နိုင်စွမ်းအားတွေ၊ အရည်အချင်းကိုယ်စီရှိနေကြပြီးသားပါ။ ကိုယ် မလုပ်ဖူးတာနဲ့ မလုပ်နိုင်ဘူး လို့ ဘယ်တော့မှ မတွေးပါနဲ့။ ကြိုးစားကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းပါ၊ ဘယ်အရာမှတော့ မစတင်ကြည့်ဘဲ မရနိုင်ပါဘူး၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအား ၊ ကိုယ့်ရဲ့ အစွမ်းအစကို ဘယ်တော့မှ သံသယမဖြစ်ပါနဲ့။
သူတပါးနဲ့ မယှဥ်ပါနဲ့
ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် လေးစားကြတဲ့ အမျိုးသမီးတွေဟာ သူတပါးရဲ့ ဖြစ်တည်မှုကို ကိုယ့်ရဲ့ ဖြစ်တည်မှု နဲ့ နှိုင်းယှဥ်လေ့ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ တန်ဖိုးရှိတဲ့ ၊ ပျော်ရွှင်တဲ့ ၊ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင် ကိုယ့်ရဲ့ ဘဝကို ဖန်တီးပုံဖော်တတ်ကြပါတယ်။ ဒါ့ကြောင့် ဘဝကို ကောင်းသထက်ကောင်းအောင် ဖန်တီးပုံဖော်ပါ။ သူတပါးရဲ့ ဘဝနဲ့တော့ လိုက်နှိုင်းယှဥ်တာမျိုးမလုပ်ဖို့ သတိပေးချင်ပါတယ်။
ဇွန်ဖူးကတော့ သူ့ရဲ့ ရပ်တည်မှုနဲ့ ခံယူချက်တွေအကြောင်း Duwun ကို ခုလို ပြောပါတယ်။
"ကျွန်တော်က အစွဲကင်းပြီး freedom ကို ပိုသဘောကျတဲ့လူမျိုးဆိုတော့ human being အပေါ် လက်ခံထားတာကိုက မိန်းမရယ် ယောကျာ်းရယ်ဆိုပြီး မရှိဘူး ။ ဥပမာ လူတစ်ယောက် အနေနဲ့ပေါ့ ။ ကျွန်တော် က ကျွန်တော်ပဲ ။ ဇွန်ဖူးပဲ ။ မိန်းမလည်း မရှိဘူး ယောကျာ်းလည်း မရှိဘူး။ လွတ်လပ်တဲ့ ရပ်တည်မှုကို သဘောကျတယ် ။ ကိုယ့်စိတ်က လက်ခံတဲ့အတိုင်း ပဲ ဖြစ်ရမယ် ။ လိုချင်တာကို ပြောရဲတယ် ။ လုပ်ချင်တာ လုပ်ရဲတယ် ။ မိန်းမတစ်ယောက်အပေါ် သွားလာမှု နေထိုင်မှုတွေကို ဝေဖန်နေကြတာကတော့ အမြဲ ရှိနေဦးမှာပဲ ။ ပြောတဲ့ လူကတော့ ဘယ်လို နေနေ ပြောချင်ပြောမှာပဲ ။ ကျွန်တော်ကတော့ ဂရုကို မစိုက်ဘူး ။ အခြားသူတွေအတွက်ဆိုရင်တော့ ကိုယ့်ကိုလာပြောနေရင် တည့်တည့်ပြန်ပြောလိုက် အနည်းဆုံး နေသာထိုင်သာ ရှိသွားမယ် ။ ဒီမှာက ပြောပြမှ သိကြတာကိုး"
ကိုယ့်ရဲ့ ရပ်တည်မှုအပေါ် လက်ခံပါ
လူတွေက ကိုယ့်ရဲ့ ရပ်တည်မှု၊ ဖြစ်တည်မှုအပေါ် သူတပါးလက်ခံဖို့ လိုလားနေတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ ဖြစ်တည်မှု ၊ ကိုယ့်ရဲ့ ရပ်တည်မှုကို ကိုယ်ကိုယ်တိုင် တလေးတစား လက်ခံနိုင်ဖို့ အရင်ကြိုးစားရမှာပါ။ ကိုယ့်ကိုယ်ကိုယ်မှ လက်မခံနိုင်ဘဲ သူတပါး လက်ခံဖို့ လိုချင်နေလို့ မရပါဘူး။ ကိုယ့်ဘာသာ ကိုယ့်ရဲ့ ရပ်တည်မှု ၊ ဖြစ်တည်မှုတွေကို လေးစားလက်ခံဖို့ က အရေးကြီးဆုံးဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ ရပ်တည်မှုကို တန်ဖိုးရှိချင်တယ်ဆိုရင် ကိုယ့်ရဲ့ ခံယူချက်ကို တန်ဖိုးရှိတဲ့ ခံယူချက်တွေ ဖြစ်အောင် တည်ဆောက်ယူဖို့ လိုအပ်ပါတယ်။