အမျိုးသမီးများအနေနဲ့ ကိုယ့်ရဲ့ မိန်းမကိုယ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

အမျိုးသမီးတွေ မိန်းမကိုယ် ယားယံတာ၊ မိန်းမကိုယ်ကနေ အနံ့ပြင်းပြင်းထွက်လာတာ၊ အဖြူအရမ်းဆင်းတာမျိူးတွေ ကြုံဖူးတတ်ကြမှာပါ။ ဒီလို ကြုံလာခဲ့ပြီဆိုရင် များသောအားဖြင့် ရှက်ကြောက်စိတ်နဲ့ ဆေးခန်းမပြတာ၊ တစ်ယောက်တည်း ကျိတ်ကုတာမျိုးတွေနဲ့ ရောဂါပိုဆိုးသွားတာမျိုးတွေ ခံစားရပါလိမ့်မယ်။ အမျိုးသမီးတိုင်းမှာ မိန်းမကိုယ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတရှိထားမယ်ဆိုရင် ၊ ဒါဟာ ကျန်းမာရေး သက်သက်ဖြစ်ပြီး ရှက်ကြောက်စရာကိစ္စမဟုတ်ဘူးဆိုတာကို သိထားမယ်ဆိုရင် ဒီကိစ္စဟာ အရမ်းကြီး စိုးရိမ်စရာ ကိစ္စဖြစ်တော့မှာ မဟုတ်ပါဘူး။

-သတိထားရမယ့်အခြေအနေ 

အမျိုးသမီးတိုင်း အပျိုဖော်စဝင်တဲ့အချိန်ကစလို့ အဖြူဆင်းတတ်ကြတာဟာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စသပ်သပ်ပါပဲ။ ပုံမှန်အားဖြင့်တော့ အဖြူဆင်းတာဟာ စိုးရိမ်စရာကိစ္စမဟုတ်ဘူးဆိုပေမယ့် အဖြူဆင်းတာ ရက်ကြာလာပြီ ၊ အနံ့အသက်တွေလည်း အရမ်းပြင်းထန်လာပြီ ၊ မိန်းမကိုယ်က မသိုးမသန့် ခံစားရပြီး ယားယံလာပြီဆိုရင်တော့ သတိထားရမယ့်အခြေအနေကို ရောက်ရှိလာပါပြီ။

-ဘယ်လိုအရောင်တွေဆင်းတတ်ပါသလဲ

ပုံမှန်အချိန်တွေမှာလည်း အဖြူဆင်းတာမျိုးတွေရှိသလို ပိုးဝင်တာကြောင့် အဖြူဆင်းတာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်၊ အရောင်ဟာ သာမန်အားဖြင့် အကြည်ရောင်၊ အဖြူရောင်၊ ဝါဖန့်ဖန့်ရောင်တွေ ရှိတတ်ပါတယ်။ ပုံမှန်ရောင်တွေ မဟုတ်တော့ဘဲ အဝါရောင်တွေ ၊ ဝါစိမ်းရောင်တွေ ၊ အညိုရောင်တွေ ဆင်းနေပြီဆိုရင်တော့ ဒါဟာ စိတ်ပူရမယ့်အခြေအနေကို ရောက်နေပြီဆိုတာ သတိချပ်ဖို့လိုအပ်ပါတယ်။

ကျောင်းသူတစ်ဦးဖြစ်တဲ့ မအိမ့်မြတ်နိုးဦးကတော့ သူကြုံတွေ့ရတဲ့ အဖြူဆင်းခြင်းအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။ 







"အ​မြတ်မှာကျ ပင်ပန်းတဲ့အချိန်တွေဆို အဖြူဆင်းတယ်၊ ကိုယ်လက်တွေနာ၊ ခါးတွေနာတဲ့နေ့တွေဆို အဖြူဆင်းတယ်။ ဒါပေမယ့် တစ်ခါမှတော့အများကြီးမဆင်းဖူးဘူး။ သန့်ရှင်းရေးလုပ်လိုက်ပြီး ချောကလက်​ပူပူလေးသောက်လိုက်ရင်သက်သာသွားတယ်။ တစ်ခါတော့ဘာလို့လဲမသိ အညိုညစ်ညစ်တွေဆင်းတာ။ အနံ့လည်းမကောင်းဘူး။ အဲ့နောက်ပိုင်း တစ်နှစ်လောက် အလာ့ဂျစ်စဖြစ်တော့တာပဲ။ လူကအရင်ကမတည့်တာမရှိဘူး၊ ပင်လယ်စာလည်းတည့်တယ်၊ ဖုန်မှုန့်လည်းတည့်တယ်၊ နောက် ကြောင်မွှေးကြောင့်လည်းမဟုတ်ဘဲ သူ့ဘာသာ သွေးကနေယားပြီးအလာ့ဂျစ်ဖြစ်တာ။ နောက် ဓမ္မတာပုံမှန်လာပြီးကျန်းမာအောင်နေထိုင်စားသောက်ကြည့်တော့သက်သာသွားတာပဲ ပြန်မဖြစ်တော့ဘူး။" 

-မှိုပိုးဝင်‌ရောက်ခြင်း

မှိုပိုးဝင်ရောက်တယ်ဆိုတာ လိင်ဆက်ဆံမှုကြောင့် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကြောင့် ဝင်ရောက်တဲ့ မှိုပိုးတွေရှိသလို အတွင်းခံကြောင့်၊ သုံးစွဲနေတဲ့ဆေးဝါးတွေကြောင့် ၊ အစားအသောက်ကြောင့် ၊ ဆီးချိုရောဂါကြောင့် ၊ သားအိမ်ခေါင်းကင်ဆာကြောင့် စတဲ့ အကြောင်းအရာတွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

-အတွင်းခံဘောင်းဘီ

များသောအားဖြင့်တော့ မိန်းမကိုယ်တွင်း ပိုးဝင်ရောက်တာတွေဟာ အတွင်းခံဘောင်းဘီကြောင့် ဖြစ်ပေါ်တတ်တာ များပါတယ်။ အတွင်းခံဘောင်းဘီမသန့်တာ ၊ အတွင်းခံဘောင်းဘီ စိုထိုင်းတာ ၊ အရမ်းကြပ်တည်းတဲ့ အတွင်းခံတွေ၊ လေဝင်လေထွက်မကောင်းတဲ့ အတွင်းခံတွေ ဝတ်ဆင်မိတာ စတာတွေကြောင့် မိန်းမကိုယ်တွင်း ပိုးဝင်တာတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အတွင်းခံကို သန့်စင်စွာ လျှော်ဖွပ်ဖို့ ၊ ခြောက်သွေ့အောင် ထားရှိဖို့ နဲ့ ကြပ်တည်းတဲ့ အတွင်းခံတွေကို မဝတ်ဆင်မိစေဖို့ ဂရုစိုက်ပါ။

အိမ်ထောင်သည်တစ်ဥ◌ီးဖြစ်တဲ့ မကေသရီခိုင်ဝေက မိန်းမကိုယ်ကျန်းမာရေးဟာ ဘယ်လောက်ထိ အမျိုးသမီးတွေအတွက် အရေးပါသလဲဆိုတာကို Duwun ကို ခုလိုပြောပါတယ်။ 

"မိန်းမကိုယ်ကျန်းမာရေးက အမျိုးသမီးတိုင်းအတွက် အ​ရေးအကြီးဆုံးအပိုင်း​ပဲ၊ အနည်းဆုံးတော့ အဲဒီနေရာမှာညစ်​ပတ်​ပြီးအနံ့ထွက်​​နေရင်​ စိတ်​စညစ်​ရတာပဲ​။ နောက်​ Confidence လည်း မရှိ​တော့ဘူး။ ​ဒါကအ​ခြေခံပဲရှိ​သေးတာ။ အဲဒီမှာ​ရောဂါတစ်​ခုခုဖြစ်​ရင်​​တောင်​​ဆေးခန်းဆေးရုံသွားဖို့ ၊ လှန်​ပြဖို့ ခွန်​အား​မွေးရတာ​လေ။ အဲ့ဒါ​ကြောင့် အထူးဂရုစိုက်​သင့်တယ်​၊ တစ်​ကိုယ်​​ရေသန့်ရှင်းရေးလို့​ပြောရင်​ လက်​နဲ့အဲဒီနေရာကအ​ရေးအကြီးဆုံးပဲ" 

-မိန်းမကိုယ် သန့်ရှင်းရေး

မိန်းမကိုယ် ကျန်းမာရေးအတွက် အရေးကြီးဆုံးအပိုင်းကတော့ တကိုယ်ရည်သန့်ရှင်းရေးပါပဲ။ မှိုပိုးဝင်ရောက်မှုရဲ့ အရိုးရှင်းဆုံး အကြောင်းရာဟာ အတွင်းခံ နဲ့ မိန်းမကိုယ် သန့်ရှင်းရေးမှာ အများကြီး မူတည်နေတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို စနစ်တကျ သန့်စင်ပေးသင့်ပါတယ်။ အရမ်းမွှေးလွန်းတဲ့ အမွှေးဆီတွေနဲ့ သန့်စင်တာ ၊ မိန်းမကိုယ်ကို အရမ်းနှိုက်ဆေးတာမျိုးတွေ ရှောင်ကြဥ်ပါ။ ဒီလို ဆေးကြောသန့်စင်ခြင်းဟာ မိန်းမကိုယ်တွင်းမှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို သေဆုံးသွားစေနိုင်ပါတယ်။ အိမ်သာသွားပြီးတဲ့အခါမှာလည်း အရှေ့ မိန်းမကိုယ်ကို အရင်ဆေးကြောသန့်စင်ပြီးမှသာ အနောက်ဘက်ကို ဆေးကြောဖို့ သတိချပ်စေချင်ပါတယ်။ ဒါမှသာ ပိုးဝင်ခြင်း ကင်းမှာပါ။

မိန်းမကိုယ်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ သန့်ရှင်းရေး ဘယ်လိုလုပ်ရမလဲဆိုတာကို Mate_မိတ်မျိုးဆက်ပွားကျန်းမာရေးက ဒေါက်တာ Maryက Duwun ကတစ်ဆင့် ခုလိုပြောပါတယ်။

“အနံ့မပါတဲ့ ရိုးရိုးဆပ်ပြာအပျော့စားကို ရေခပ်နွေးနွေးနဲ့ ဆေးကြောနိုင်ပါတယ်။ သန့်ရှင်းတဲ့ အဝတ်စကို အသုံးပြုပြီး ဆပ်ပြာရည်နဲ့ ဆေးကြောနိုင်ပါတယ်။ သန့်ရှင်းရးလုပ်မယ်ဆိုရင် မိန်းမကိုယ်အပြင်ဘက်ကိုဦးစွာသန့်စင်ပါ။ နှုတ်ခမ်းသားနှစ်ခုကိုညင်သာစွာဆွဲပြီး Clitoris လို့ခေါ်တဲ့ အဖူးလေးရဲ့ ဘေးနှစ်ဖက်ကိုသန့်စင်ပေးပါ။ ပြီးရင်တော့ မိန်းမကိုယ်နှင့်စအိုကြားနေရာ Perineum ကိုသန့်စင်ပေးပြီး စအိုကိုနောက်ဆုံးမှသန့်စင်ပေးပါ။”

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ မိန်းမကိုယ်ကျန်းမာရေးကို ဂရုတစိုက်လုပ်ပေးသင့်ပြီး မှိုပိုးဝင်တာမျိုးတွေ ကြုံလာခဲ့ပြီဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ မရှက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Share

Loading Next Article...
က္က