Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ဟာ သူ့ရဲ့ အင်ဂျင်နီယာတွေကို ထူးထူးဆန်းဆန်း တီထွင်မှုတစ်ခု လုပ်ခိုင်းခဲ့ပါတယ်။
မတ်ခ်ရဲ့ အင်ဂျင်နီယာတွေဟာ သူ့ဇနီးဖြစ်သူ ပရစ်ဆီလာချန်ကို အိပ်ချိန် အပြည့်အဝ ရစေဖို့သစ်သားနဲ့လုပ်ထားတဲ့ Sleep Box တစ်ခု ထွင်ခဲ့တာပါ။ ဒီ Sleep Box ဟာ ပရစ်ဆီလာချန် အိပ်ရာကနေ ထရမယ့် အချိန်ရောက်ရင် ညင်ညင်သာသာ အသိပေးမယ်လို့ဆိုပါတယ်။ CNET သတင်းမှာ ဖော်ပြချက်အရ ဒီ box ကို ချန်ရဲ့ ခုတင်နားမှာထားပြီး မနက် ၆ နာရီကနေ ၇ နာရီအကြားမှာ အလင်းတွေ ထွက်လာမှာပါ။
အဲဒီအချိန်ဟာ သူမရဲ့ သမီးငယ်တွေ ဖြစ်တဲ့ မက်ဆီမာနဲ့သြဂတ်စ်တို့ ပုံမှန် အိပ်ရာထတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအလင်းဟာ ချန်ကို နှိုးနိုင်မှာ မဟုတ်ပေမယ့် အိပ်ရာက ထချိန် ရောက်ပြီဆိုတဲ့ အကြောင်း အသိပေးဖို့လုံလောက်တဲ့ အလင်းရောင်လို့ဆိုပါတယ်။ အလင်းရောင် မျက်စိစူးလာတာနဲ့ချန်ဟာ သူမရဲ့ သမီးတွေဆီ သွားကြည့်လို့ရမှာပါ။
"အခုထိတော့ ကျွန်တော်တို့မျှော်လင့်ထားတာထက် ဒီ Sleep Box က အလုပ်ဖြစ်နေပါတယ်။ သူမလည်း ညညကို ကောင်းကောင်း ပိုအိပ်ဖြစ်လာတယ်" လို့မတ်ခ်က သူ့ရဲ့ Instagram မှာ ရေးခဲ့ပါတယ်။ "အင်ဂျင်နီယာတစ်ယောက်အနေနဲ့ကိုယ့်အမျိုးသမီး ပိုပြီး အိပ်လို့ကောင်းစေဖို့ပစ္စည်းတစ်ခုခု တီထွင်တာဟာ ကျွန်တော့်ရဲ့ ချစ်ခြင်းနဲ့ကျေးဇူးကို ဖော်ပြတဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ"
ဒီပို့စ်မှာပဲ မတ်ခ်ဟာ အခုလို အချိန်လုပြီး အိပ်ရတဲ့ သူတွေအတွက် Sleep Box တွေ တီထွင်ကြဖို့စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အကြံပြုခဲ့ပါတယ်။