ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုကတော့ အသင်းပတ်သက်ပြီး အင်တာဗျူးတွေမှာ အဆိုးမြင်တဲ့ဘက်ကနေ ထုတ်ဖော်ပြောဆိုတွေ လုပ်ခဲ့တဲ့ ဘတ်ပီကို ပြန်ပြီး တုံ့ပြန်မှုတွေ လုပ်လိုက်ပါပြီ။ ဘတ်ပီက ပီအက်စ်ဂျီ ဘာလို့ ချန်ပီယံလိဂ်ဖလားမရလည်းဆိုတာ သူ့ကိုမမေးဘဲ အခြားတာဝန်ရှိသူတွေကို သွားမေးလို့ ပြောဆိုခဲ့သလို သူ အကောင်းဆုံးကစားပေးခဲ့ပေမယ့် မရယူနိုင်တာက သူ့အပြစ်မဟုတ်ဘူးဆိုတဲ့ သဘောမျိုးတွေ France Football မှာ ပြောဆိုခဲ့ပါတယ်။
ဘတ်ပီရဲ့ ပြောဆိုမှုတွေက အသင်းဖော်တွေကိုလည်း ဒေါသထွက်စေခဲ့ပြီး အသင်းဥက္ကဌဆီကိုပါ တိုင်စာပို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အသင်းမှာ တနှစ်ဆက်ကစားမယ်၊ ဒါပေမယ့် စာချုပ်သစ်မချုပ်တော့ဘူးလို့ ပြောဆိုထားပြိး အသင်းဘက်ကတော့ ဆက်နေရင် စာချုပ်ချုပ်၊ စာချုပ်မချုပ်ရင် အသင်းပြောင်းဆိုပြီး ပြန်တုံ့ပြန်ထားကာ နှစ်ဦးနှစ်ဖက် တင်းမာနေခဲ့ကြပါတယ်။
အခု လီယိုနာဒိုက ဘတ်ပီမရှိရင် သူတို့ ချန်ပီယံလိဂ်ဖလားရနိုင်တယ်လို့ ပြောဆိုပြီး တုံ့ပြန်ခဲ့တာပါ။ သူက " ဘတ်ပီမရှိရင် ကျနော်တို့ ချန်ပီယံလိဂ်ဖလားရဖို့ ဖြစ်နိုင်ပါတယ်၊ ဘာလို့လဲဆိုရင် သူ ဒီမှာ ကစားတာ ၆ နှစ်ရှိပါပြီ၊ အဲဒီ ၆ နှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို မတူညီတဲ့ အသင်း ၅ သင်းက ဆွတ်ခူးခဲ့တာပါ၊ အဲဒီအသင်းတွေမှာ ဘတ်ပီမရှိဘူးလေ"
"အခုက သူ အသင်းကနေ ထွက်သွားဖို့ အချိန်ရောက်ပါပြီ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ အသင်းနဲ့ ဘတ်ပီကြားမှာ လမ်းခွဲဖို့က လွဲရင် ကျန်တာ ဘာမှမရှိတော့ဘူးလို့ အသိပေးလိုက်တာလည်းဖြစ်သလို အသင်းကိုထိုးနှက်ခဲ့တဲ့ ဘတ်ပီကိုလည်း ပြန်လည်ပြီး ထိုးနှက်လိုက်တာ ဖြစ်ပါတယ်။ ဒီအတွက် တင်းမာမှုတွေ ပိုမြင့်တက်လာဖို့ ရှိပါတယ်။
လက်ရှိမှာ ဘတ်ပီက ကင်မရွန်းကို ခရီးထွက်နေပြီး သူ ပြန်ရောက်လာချိန်မှာ အပြောင်းအရွှေ့အတွက် ဘာတွေဆက်လုပ်မလဲဆိုတာ သိရမှာပါ။ ဘတ်ပီကို ရီးရဲလ်က အလိုရှိနေပေမယ့် အလွတ်ခေါ်ယူနိုင်မယ့် ၂၀၂၄ ကို စောင့်နေပြီး ပီအက်စ်ဂျီကတော့ အလွတ်ထွက်ခွင့်မပေးနိုင်ဘဲ အနည်းဆုံး ယူရိုသန်း ၁၅၀ အထိ ရဖို့ ရည်ရွယ်နေပါတယ်။