Dota Legend တစ်ဦးလို့သတ်မုတ်ကြတဲ့ တရုတ်ကစားသမားဟောင်း BurNing တည်ထောင်ထားတဲ့ Team Aster ကတော့ StarLadder ImbaTV Minor ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာခဲ့ပါတယ်။
2019-2020 DPC Season ရဲ့တတိယမြောက် Minor ဖြစ်တဲ့ StarLadder ImbaTV Minorရဲ့ ဗိုလ်လုပွဲဟာ မတ်လ ၈ ရက်နေ့ညမှာ ကျင်းပပြီးစီးခဲ့တာဖြစ်ပြီး Team Aster က ပြိုင်ဘက် Alliance အသင်းကို 3:1 ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
StarLadder ImbaTV Minor ပြိုင်ပွဲတစ်ခုလုံးကိုခြုံကြည့်မယ်ဆို တော်တော်လေးအကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် Team Aster အတွက်တော့ အနည်းငယ်လွယ်ကူခဲ့တယ်လို့ဆိုရမှာပါ။ Team Aster ဟာ ပြိုင်ပွဲတစ်ခုလုံးမှာ ရှုံးပွဲဆိုလို့ Alliance ကို Grand Final Game 3 မှာ ရှုံးနိမ့်ခဲ့တဲ့ တစ်ပွဲသာရှိခဲ့ပြီး ကျန်ပွဲစဉ်တိုင်းလိုလို ပြိုင်ဘက်အသင်းတွေကို အသာစီးနဲ့အနိုင်ရယူနိုင်ခဲ့ပါတယ်။
Team Aster ရဲ့ Coach အသစ်ဖြစ်တဲ့ "QQQ" တစ်ယောက် ဗီဇာကြောင့် ပြိုင်ပွဲကျင်းပရာ ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့အထိလိုက်ပါမလာနိုင်ခဲ့ပေမယ့် အစားထိုး Coach "LamN" က အသင်းသားတွေလိုအပ်တဲ့အကြံဉာဏ်တွေကို ပေးစွမ်းနိုင်ခဲ့တာကြောင့် ပွဲစဉ်တိုင်း Draft အသာနဲ့ ကစားနိုင်ခဲ့တာပါ။
ဒါ့အပြင် ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းရည်ရော အသင်းလိုက်ကစားအားပါ အထူးကောင်းမွန်ခဲ့ပြီး Top Tier အသင်းတွေမှာသာ တွေ့ရတတ်တဲ့လက်စွမ်းမျိုးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ချန်ပီယံ Team Aster ဟာ လက်ရှိအချိန်မှာတော့ ဒေါ်လာ ၇၂၀၀၀, DPC Point ၁၄၀ နဲ့ ESL One Los Angeles 2020 Major ဝင်ခွင့်တို့ကို ဆုကြေးအဖြစ် ရရှိသွားပါပြီ။
ကမ္ဘာ့အကောင်းဆုံးအသင်း ၁၆ သင်း ယှဉ်ပြိုင်မယ့် Major ပြိုင်ပွဲမှာ တရုတ်အသင်း ၄ သင်းတောင် ပါဝင်နေတာဟာ တရုတ် Dota ဟာ လက်ရှိအချိန်အထိ အင်အားကြီးမားနေသေးကြောင်းပြသနေတဲ့ သက်သေတစ်ခုပါ။ ESL One Los Angeles 2020 Major ဟာ မတ်လ ၁၅ ရက်နေ့မှာစတင်မှာဖြစ်တာကြောင့် တစ်ပတ်တောင်ပြည့်အောင်စောင့်စရာမလိုဘဲ နောက်ထပ်ပွဲကြီးပွဲကောင်းတစ်ပွဲကို ကြည့်ရတော့မှာဖြစ်ပါတယ်။ VG, LGD လိုအသင်းတွေမပါဝင်တဲ့ Major မှာ တရုတ်အသင်းတွေ အရင်လိုစိုးမိုးထားနိုင်ဦးမလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
Written by Myo Thant Kyaw