ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ ကစားသမားဟောင်း မက်ဆီအနေနဲ့ ကတ်တလန်ကို ပြန်လာချင်တယ်ဆိုရင် သူ့အပေါ်မှာပဲ မူတည်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲမယ့် မက်ဆီကို ခေါ်ယူဖို့ ဘာစီလိုနာဘက်က ကြိုးစားလျက်ရှိကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။
မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ဖို့ အရာအားလုံး ဆောင်ရွက်သွားမယ်လို့လည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာက ပြောကြားထားပါသေးတယ်။ ဒါပေမယ့် ဘာစီလိုနာအနေနဲ့ မက်ဆီကို ပြန်လည်မခေါ်ယူခင်မှာ အသင်းရဲ့လစာငွေပြဿနာ၊ ဘဏ္ဍာရေး အနေအထား အစရှိတာတွေကို ချိန်ညှိဖို့ လိုအပ်နေပြီး ဒါတွေ အဆင်ပြေမှသာ ခေါ်ယူနိုင်မယ်လို့ လာလီဂါဥက္ကဌ တီဘက်စ်က ဆိုပါတယ်။
ဒါ့အပြင် မက်ဆီရဲ့ အသင်းဖော်ဟောင်းလည်းဖြစ်၊ လက်ရှိ ဘာစီလိုနာနည်းပြလည်းဖြစ်တဲ့ ဇာဗီက “ဒီကိစ္စက လေထဲမှာပဲ ရှိပါသေးတယ်။ နောက်ပြီး ကိစ္စတွေ အများကြီးအပေါ်မှာလည်း မူတည်ပါသေးတယ်။ ကျွန်တော်ပြောနိုင်တာလည်း အများကြီးမရှိပါဘူး။ မက်ဆီက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတစ်ယောက်၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပါ”
“အကြောင်းအရာတွေ အများကြီး အပေါ်မှာ မူတည်နေတယ်ဆိုပေမယ့်လည်း ဒါတွေအားလုံးရဲ့ အပေါ်မှာ မက်ဆီရဲ့ ဆန္ဒရှိနေပါတယ်။ သူဘာဖြစ်ချင်လဲဆိုတာက အဓိကကျပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း အသင်းဟောင်းကို ပြန်သွားလိုကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့ သူ့အတွက် ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကိုလည်း မက်ဆီက စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။ မက်ဆီကို ခေါ်ယူဖို့အတွက် ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်ကလည်း စိတ်ဝင်စားနေပြီး ကမ္ဘာ့စံချိန်တင် လုပ်ခပမာဏနဲ့ ကမ်းလှမ်းထားပေမယ့် မက်ဆီဘက်ကတော့ ဒီအပေါ်မှာ တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်း မရှိပါဘူး။