Kopa Trophy ဆုကို ဆွတ်ခူးနိုင်ခြင်းမရှိဘဲ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ အသင်းဖော်မူစီယာလာက အနာဂတ်မှာ ဘလွန်းဒီအောဆုကို ရယူနိုင်လိမ့်မယ်လို့ ဘိုင်ယန်အသင်းဖော်အယ်လ်ဖွန်ဆိုဒေးဗီးစ်က ပြောဆိုလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ်မူစီယာလာဟာ အကောင်းဆုံးလူငယ်ဆုအတွက် ဂါဗီ၊ ကာမာဗင်ဂါတို့ရဲ့နောက်မှာသာ ရပ်တည်နိုင်ခဲ့ပြီး သူ ဆုမရရှိခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်အတွက် ၈ ဂိုးသွင်းယူပေးပြီး ၈ ကြိမ်ဖန်တီးပေးခဲ့တဲ့ မူစီယာလာက ဆု မရခဲ့တဲ့အပေါ် ပရိသတ်တွေကလည်း ဝေဖန်ခဲ့ကြပါတယ်။ မူစီယာလာရရှိမယ့်ဆုက ခိုးယူခြင်းခံခဲ့ရတယ်လို့ ဝေဖန်ခဲ့ကြပြီး ဆုရရှိခဲ့တဲ့ ဘာစီလိုနာကွင်းလယ်လူဂါဗီနဲ့ ထိုက်တန်ခြင်းမရှိဘူးလို့လည်း ယူဆခဲ့ကြကာ အငြင်းပွားစရာအနေအထားဖြစ်ခဲ့ပါတယ်။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ကတော့ သူ့ရဲ့တွစ်တာမှာ မူစီယာလာနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး "မင်းရဲ့ Kopa Trophy ကို သူတို့ငြင်းဆန်နိုင်ကြပေမယ့် အနာဂတ်မှာ မင်းရဲ့ ဘလွန်းဒီအောဆုကိုတော့ သူတို့ ငြင်းပယ်လို့မရပါဘူး" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အသင်းဖော်က ဘလွန်းဒီအောဆုကိုပါ ရယူနိုင်မယ့် အရည်အသွေးရှိတယ်လို့ ဒေးဗီးစ်က ယုံကြည်နေတာဖြစ်ပါတယ်။
ဘိုင်ယန်နည်းပြနာဂယ်စမန်းကလည်း ဒီဆုံးဖြတ်ချက်အပေါ်မှာ "ကျနော့်အမြင်အရတော့ မူစီယာလာနဲ့ ဘီလင်ဟမ် (ဒေါ့မွန်) တို့က ကောင်းမွန်တဲ့ရာသီတခုကို ဆုရရှိသွားထက် ပိုပြီးလုပ်ပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဂါဗီကလည်း ထူးချွန်တဲ့ကစားသမားပါ၊ သူ့အတွက်လည်း ကျနော်ပျော်ရွှင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
အခုနှစ် ဘလွန်းဒီအောဆု ရွေးချယ်မှုမှာ အငြင်းပွားဖွယ်ရာမရှိတော့ပေမယ့် ထိပ်ဆုံးအဆင့်ရွေးချယ်မှုတွေနဲ့ လူငယ်ဆုအတွက်ပေးအပ်ခဲ့ရာမှာတော့ အငြင်းပွားနေကြပါတယ်။ ရီးရဲလ်ဂိုးသမားကော်တွိုက်စ်ကလည်း သူ အဆင့် ၇ နေရာသာရခဲ့လို့ ဝေဖန်ခဲ့ပါတယ်။