မန်စီးတီးပြောင်းသွားတဲ့ ဟာလန်းကို ဆိုးလ်ရှားမက်ဆေ့ချ်ပို့ခဲ့တာပါ။

ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားက မန်စီးတီးကို ပြောင်းရွှေ့သွားတဲ့ ဟာလန်းဆီ မက်ဆေ့ချ်ပို့ နောက်ပြောင်ခဲ့တယ်လို့ သိရှိရပါတယ်။ ဟာလန်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် (၅၁.၂) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။



ဟာလန်း ဆဲလ်ဘာ့ဂ်မှာ ကစားနေတည်းက ဟာလန်းကိုခေါ်ယူဖို့ အဲ့ဒီအချိန်က ဆိုးလ်ရှားကိုင်တွယ်နေတဲ့ ယူနိုက်တက်က အထူးစိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် အဆိုပါ နော်ဝေကြယ်ပွင့်က ဒေါ့မွန်ကိုပဲ ရောက်ရှိသွားခဲ့ပြီး ဆရာတပည့်နှစ်ယောက် ပြန်လည်မပေါင်းစည်းဖြစ်လိုက်ပါဘူး။ ဟာလန်းနဲ့ဆိုးလ်ရှားတို့ဟာ ဆိုးလ်ရှား မိုလ်ဒီနည်းပြအဖြစ် တာဝန်ယူစဥ်က အတူလက်တွဲခဲ့ဖူးပါတယ်။

ယူနိုက်တက်ကလည်း ဟာလန်းနဲ့ဆိုးလ်ရှားအကြား ခင်မင်ရင်းနှီးမှုကို အသုံးချပြီး ဟာလန်းကို ခေါ်ယူလိုခဲ့ပေမယ့် စာချုပ်လျော်ကြေးကို မပေးချေလိုခဲ့ပါဘူး။ အခုချိန်မှာတော့ ဆိုးလ်ရှားလည်း ယူနိုက်တက်မှာမရှိတော့သလို ဟာလန်းကလည်း ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီလိုမျိုး ဟာလန်းအသင်းပြောင်းတဲ့အပေါ် ဆိုးလ်ရှားက မက်ဆေ့ချ်ပို့ဂုဏ်ပြုရင်း နောက်ပြောင်ခဲ့ကြောင်းကို ဟာလန်းက အခုလိုပဲ ပြောလာပါတယ်။

“ကျနော် မန်စီးတီးနဲ့ စာချုပ်ချုပ်ပြီးတော့ ဆိုးလ်ရှားက ကျနော့်ဆီကို ဂုဏ်ယူကြောင်း မက်ဆေ့ချ်ပို့ပါတယ်။ နောက်ပြီး ‘မန်ချက်စတာရဲ့ မှားယွင်းတဲ့ဘက်ခြမ်းကို ပြောင်းသွားတဲ့အတွက် ကံကောင်းပါစေ’ လို့လည်း နောက်ပြောင်ပါသေးတယ်။ ကျနော်တို့ နှစ်ယောက်က မကြာခဏ စကားပြောဖြစ်ကြပါတယ်”

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျနော် မိုလ်ဒီမှာ ကစားနေတည်းက သူက ကျနော့်ရဲ့ ကစားသမားဘဝအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိခဲ့တာပါ။ ဆိုးလ်ရှားက လူကောင်းတယောက်ပါ” လို့ ဟာလန်းက ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းဟာ အရင်ကလည်း ဆရာဟောင်း ဆိုးလ်ရှားနဲ့ ပတ်သက်လို့ မကြာခဏဆိုသလို လူသိရှင်ကြား ထုတ်ဖော်ချီးကျူးခဲ့ဖူးတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က