မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပွဲအပြီးမှာ သူ့ရဲ့ ကစားသမားတွေနဲ့ မကြာခဏဆိုသလို ကွင်းအတွင်း ညွှန်ကြားခြင်း၊ ဆူပူခြင်းတွေ ပြုလုပ်နေတဲ့အပေါ် မီဒီယာတွေကို အရွဲ့တိုက် ဖြေကြားသွားခဲ့ပါတယ်။ ဒါဟာ ဂွါဒီယိုလာရဲ့ ပုံစံတစ်မျိုးပဲဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာ ဒီလိုမျိုး မြင်တွေ့ခဲ့ရသလို မန်စီးတီးမှာလည်း မကြာခဏဆိုသလို ဒီလိုမျိုး မြင်ကွင်းတွေကို မြင်တွေ့နေရတာပါ။
နောက်ဆုံးအနေနဲ့ အာဆင်နယ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာလည်း ဂွါဒီယိုလာက သူ့အသင်းက ဂရီလစ်ရှ်ကို ကွင်းအတွင်းမှာတင် တစ်စုံတစ်ခုကို ပြောဆိုနေခဲ့ပြီး ဒါကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ဂွါဒီယိုလာရဲ့ ဒီလိုမျိုး အပြုအမူက တမင်တကာ အာရုံစိုက်ခံရအောင် လုပ်နေတာလို့လည်း ဝေဖန်သူတွေရှိနေပါတယ်။
ဒီအပေါ်မှာ ဂွါဒီယိုလာက “ကျွန်တော် ဒီလိုမျိုး လုပ်ရပ်တွေကို ကင်မရာတွေအတွက် လုပ်ပေးနေတာပါ။ ကျွန်တော်က အသင်းမှာ နာမည်အကြီးဆုံးတစ်ယောက်ပဲလေ။ ဒီတော့ ကင်မရာသမားတွေကို အံ့အားသင့်ဖွယ်ရာ စိတ်ကျေနပ်မှုမျိုးနဲ့ အိပ်ပျော်နိုင်အောင် လုပ်ပေးဖို့ လိုတာပေါ့ဗျာ”
“အဲ့ဒါကြောင့်လည်း ကျွန်တော်က ကစားသမားတွေကို ကွင်းထဲမှာတင် ဝေဖန်ပြီး သူတို့ ဘယ်လောက်အထိ ခြေစွမ်းဆိုးရွားတယ်ဆိုတာကို ခံစားမိအောင် လုပ်နေတာပေါ့။ ဟာလန်းတစ်ယောက် သုံးဂိုးသွင်းခဲ့တုန်းကတောင် ကျွန်တော်နဲ့ ဒီလိုမျိုးဖြစ်ခဲ့သေးတာပဲ” လို့ အရွဲ့တိုက် ပြောကြားသွားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ကွင်းအတွင်းမှာ စိတ်ခံစားချက်ပြင်းထန်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကွင်းဘေးစည်းအပြုအမူတွေကလည်း မကြာခဏဆိုသလို ဝေဖန်ခံခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဘဝမှာလည်း အသင်းရဲ့ အဓိက,ကစားသမား ကင်မစ်ချ်ကို ပွဲအပြီး ကွင်းအတွင်းမှာတင် ဆူပူညွှန်ကြားမှုတွေ ပြုလုပ်ခဲ့သေးလို့ မီဒီယာတွေကြားမှာ ပွဲဆူခဲ့ပါသေးတယ်။