အဝေးကွင်းမှာ ဝက်စ်ဟမ်းနဲ့ ၂ဂိုးစီသရေကျပြီး အမှတ်ပေးဖလားအတွက် မသေမချာမရေမရာဖြစ်လာတဲ့နောက် အာဆင်နယ်နည်းပြအာတီတာကတော့ အသင်းကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ ၂ဂိုးပြတ်နဲ့ ဦးဆောင်ခံခဲ့ရပေမယ့် ချေပဂိုးတွေ လိုက်သွင်းကာ အဖိုးတန်သရေတမှတ်ရယူနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ တန်ဖိုးရှိတဲ့ ရမှတ် ၂ မှတ်ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် လက်ရှိမှာ မန်စီးတီးထက် တပွဲပိုကစားပြီး ၄ မှတ်အကွာသာ ရှိပါတော့တယ်။ သူတို့နှစ်သင်းကြား ထိပ်တိုက်ရင်ဆိုင်ရဦးမှာဖြစ်ပြီး အာဆင်နယ်အတွက်တော့ နောက်ထပ် ဘယ်လိုခြေချော်တာမျိုးမှ လုပ်လို့မရတော့တာလည်းဖြစ်ပါတယ်။ တကယ်လို့သာ သူတို့တွေ သရေ၊ ဒါမှမဟုတ် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အမှတ်ပေးဖလားအတွက် မန်စီးတီးက အလေးသာသွားတော့မှာပါ။
အာတီတာက "ကျနော်တို့ တတိယဂိုးနဲ့ စတုတ္ထဂိုးတွေ သွင်းယူဖိုံကို မကြိုးစားတော့ဘဲ ရပ်တန့်လိုက်ပြီး အမှားတွေ ကျူးလွန်ခဲ့မိပါတယ်၊ သူတို့နားမှာ ဘောလုံးကစားနေရုံနဲ့ ဒီရလဒ်ကို ထိန်းထားနိုင်မယ်လို့ တွေးထားတာက လွယ်ကူလွန်းပါတယ်၊ အဲဒီအချိန်မှာပဲ သူတို့ကို ကျနော်တို့က မျှော်လင့်ချက်တွေ ပေးတယ်၊ ဝက်စ်ဟမ်းကိုတော့ အသိအမှတ်ပြုရမှာပါ၊ သူတို့ ဒီအခွင့်အရေးကို ရအောင်ယူနိုင်ခဲ့ပါတယ်"
"ကျနော်တို့မှာ ပြင်းထန်ရက်စက်တဲ့ စိတ်ထားရှိဖို့ လိုအပ်ပြီး အသင်းတသင်းကို သတ်ပစ်ရပါမယ်၊ အဲဒီလိုမျိုးကြုံလာတဲ့အခါမှာ လုပ်ကိုလုပ်ရမှာပါ၊ ဒီနေ့မှာတော့ ကျနော်တို့ မလုပ်ဖြစ်ခဲ့ပါဘူး၊ လီဗာပူးလ်နဲ့ပွဲတုန်းက အမှတ်လျော့ခဲ့တာကိုလည်း သင်ခန်းစာမယူနိုင်ခဲ့ပါဘူး၊ ဒီအတွက် ဖြေရှင်းဖို့ အားထုတ်ရပါဦးမယ်" လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ကတော့ လာမယ့်ပွဲအဖြစ် ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆောက်သမ်တန်ကလည်း တန်းမဆင်းရဖို့အတွက် ရုန်းကန်နေတဲ့အသင်းဖြစ်ပြီး အာဆင်နယ်အတွက် လွယ်ကူတယ်လို့ထင်ရပေမယ့် နိုင်ပွဲရဖို့ ခက်ခက်ခဲခဲတော့ ကြိုးစားရဦးမှာဖြစ်ပါတယ်။