မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေက ယူနိုက်တက်ပရိသတ်တွေကို လှောင်ပြောင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ်က ကိုးမန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အောက်ဆုံးနေရာကသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်တစ်ဆင့်တက်ရောက်ဖို့ မပြောနဲ့၊ ယူရိုပါလိဂ်ဝင်ခွင့်ကိုတောင် မရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲမစခင်မှာလည်း ဘိုင်ယန်မြူးနစ်ပရိသတ်တွေက အိုးထရက်ဖို့ဒ်ကွင်းအတွင်း ပြိုင်ဘက်ကို လှောင်ပြောင်တဲ့ စကားလုံးတွေ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။ ဘိုင်ယန်မြူးနစ်ပရိသတ်တွေက ယူနိုက်တက်ကို ရည်ရွယ်ပြီး “မင်းတို့က သောက်သုံးမကျတဲ့ကောင်တွေ၊ မင်းတို့ကို မင်းတို့လည်း သိတယ်” လို့ အော်ဟစ်ခဲ့ကြတာပါ။
တကယ်တမ်း ပွဲကစားချိန်မှာလည်း ယူနိုက်တက်ရဲ့ ကစားဟန်က အားရစရာမရှိခဲ့ပါဘူး။ ပရိသတ်တွေကတော့ ဘိုင်ယန်မြူးနစ်က ယူနိုက်တက်ကို တွဲခေါ်မယ့် ပုံစံမျိုးနဲ့ ကစားခဲ့ပေမယ့် ယူနိုက်တက်ကိုက ဆွဲခေါ်မရဖြစ်နေတာလို့တောင် မှတ်ချက်ပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက်တို့ ဒီပွဲမှာ အနိုင်ရရှိခဲ့ရင်တောင်မှ အုပ်စုအဆင့်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်း ကစားတဲ့ ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့ပွဲမှာ ကိုပင်ဟေဂင်က ဂါလာတာစာရေးကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။