မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာတို့ပွဲမှာ အယ်လ်ဟီလယ်ပရိသတ်တွေက မက်ဆီရဲ့ နာမည်ကို အော်ဟစ်ကာ ရော်နယ်ဒိုကို လှောင်ပြောင်ခဲ့ကြပါတယ်။ အယ်လ်ဟီလယ်ပရိသတ်တွေဟာ ပွဲစကတည်းက ဒီလိုမျိုး အော်ဟစ်နေခဲ့တာပါ။
ရော်နယ်ဒိုဟာ မက်ဆီ ဘလွန်းဒီအော် ရရှိပြီး ပထမဆုံး ကစားတဲ့ ပွဲမှာကတည်းက ဆော်ဒီမြေမှာ အခုလိုမျိုး လှောင်ပြောင်ခံနေရတာဖြစ်ပါတယ်။ အခု မဟာပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့တဲ့အချိန်မှာလည်း အယ်လ်ဟီလယ် ပရိသတ်တွေက ရော်နယ်ဒိုကို မက်ဆီနဲ့ နှိုင်းယှဉ် လှောင်ပြောင်နေကြတာပါ။
ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီလှောင်ပြောင်သံတွေကို ပါးပါးနပ်နပ်နဲ့ပဲ တုံ့ပြန်သွားခဲ့ပါတယ်။ ပထမပိုင်းအပြီး ဥမင်လိုဏ်ခေါင်းထဲသွားချိန်မှာ ရော်နယ်ဒိုက အိမ်ရှင်ပရိသတ်တွေကို ခနဲ့ပြုံးပြုံးရင်း အနမ်းခြွေတဲ့ဟန် လုပ်ပြသွားခဲ့ပါတယ်။
ဒါဟာ အယ်လ်ဟီလယ်ပရိသတ်တွေကို အရွဲ့တိုက် လှောင်ပြောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုတစ်ယောက် ဒီလိုမျိုး ပြိုင်ဘက်ပရိသတ်တွေကို အရွဲ့တိုက်ခဲ့ပေမယ့် ပွဲပြီးရလဒ်ကတော့ သူ့အတွက် မျက်နှာပျက်စရာဖြစ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အသင်းအတွက် တစ်ဂိုးစီသရေဖြစ်မယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် VAR က လူကျွံနေတယ်ဆိုပြီး အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းကလည်း နောက်ထပ်နှစ်ဂိုး ထပ်ပေးလိုက်ရတာကြောင့် အဝေးကွင်းမှာရော်နယ်ဒိုရဲ့ အယ်လ်နာဆာက သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။