ကက်စမဲရိုးဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အသင်းဟောင်း ပရိသတ်တွေရဲ့ အမျက်ဒေါသကို ခံနေရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကက်စမဲရိုးကို ပေါင်သန်း ၇၀ နဲ့ ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ရောက်ရောက်ချင်းပဲ ဘရာဇီးလ်ကွင်းလယ်လူဟာ သရဲနီပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ်ကစားသမားမရှိခဲ့တာကြောင့် အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ခံခဲ့ရတာဖြစ်ပြီး ယခုရာသီမှာတော့ အံ့အားသင့်ဖွယ် နွေရာသီခေါ်ယူမှုကြောင့် သရဲနီတွေ ပြန်လည်တန်ခိုးထွားလာခဲ့တာဖြစ်ပါတယ်။
ကက်စမဲရိုးဟာ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ လာလီဂါဖလား ၃ ကြိမ်အထိ ရီးရဲလ်မက်ဒရစ်နဲ့ ရရှိခဲ့သူဖြစ်တာကြောင့် ဆုဖလားတွေရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိသူဖြစ်ပြီး အဲဒါကို ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ အဖွင့်ဂိုးသွင်းယူပေးပြီး ပြသခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ကက်စမဲရိုး၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် နယူးကာဆယ်လ်ကို ၂-၀ နဲ့ အနိုင်ရပြီး ၆ နှစ်ကြာ ဆုဖလား ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ တိုက်စစ်ကစားသမားမဟုတ်တာကြောင့် ဘာနေဗျူးမှာ ထိုက်တန်တဲ့ ချီးကျူးဂုဏ်ပြုမှုတွေ မခံခဲ့ရတာဖြစ်ပေမယ့်လည်း ဂန္တဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး လူမှုကွန်ရက်ကြောင့် လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံနေရတာဖြစ်ပါတယ်။ ကက်စမဲရိုးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ္ဘာ့ရန် ဘာစီလိုနာအသင်းဂန္တဝင် လီယွန်နယ် မက်ဆီကို အင်စတာဂရမ်ပေါ်မှာ follow ထားတာဖြစ်ပြီး တစောင်းစေးနဲ့ မျက်ချေးလိုဖြစ်ခဲ့ကြတဲ့ အတိတ်ကို သင်ပုန်းချေခဲ့ပြီးဖြစ်ပုံပေါ်ပါတယ်။
လီယွန်နယ် မက်ဆီကို follow လုပ်ထားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်သူထဲမှာ ကက်စမဲရိုး တစ်ဦးတည်းတော့ မဟုတ်ဘဲ လက်ရှိ လာလီဂါထိပ်တန်းအသင်းကြီးအတွက် ကစားပေးနေဆဲဖြစ်တဲ့ တိုနီ ခရူးစ်ကလည်း အာဂျင်တီးနားကြယ်ပွင့်ကို follow လုပ်ထားတာဖြစ်ပါတယ်။ မက်ဆီဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းအတွက် ကစားပေးနေတာကြောင့်သာ ဘာစီလိုနာပရိသတ်တွေရဲ့ ဒေါသတွေဟာ မိုးမီးမလောင်ခဲ့တာဖြစ်ပေမယ့်လည်း လူမှုကွန်ရက်ပေါ်မှာ ပြိုင်ဘက်ကစားသမားဟောင်းကို follow ထားတဲ့အတွက် ပြစ်တင်ကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
"ရယ်စရာကောင်းတယ်။ ဘယ်လိုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာခဲ့တဲ့ ကစားသမားတိုင်းက မက်ဆီပရိသတ်တွေ ချက်ချင်း ဖြစ်ကုန်တာလဲ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "တိုနီ ခရူးစ် မက်ဒရစ်ကို စွန့်ခွာတဲ့ နေ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေတယ်။ ဒီကောင်က မက်ဆီကို တိတ်တိတ်ပုန်းအားပေးနေတဲ့သူဆိုတာ သေချာတယ်"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။