မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ မနေ့ညက ယန်းဘွိုင်းစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်အတွက် သေချာသွားခဲ့ပါတယ်။
မန်စီးတီးအတွက် နောက်ထပ်သွင်းဂိုးတစ်ဂိုးကိုတော့ ဖိုဒန်က သွင်းယူခဲ့တာပါ။ ဒီပွဲမတိုင်ခင်မှာ ဟာလန်းတစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာဘူးလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ ဟာလန်းက ပွဲထွက်ပါဝင်ခဲ့ပြီး အခုလိုမျိုး အသင်းအတွက် ခြေစွမ်းပြဂိုးပါသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၆၁) မိနစ်မှာတော့ ဟာလန်းကို နည်းပြ ဂွါဒီယိုလာက ကွင်းလယ်လူ ကဲလ်ဗင်ဖီးလစ်နဲ့ လူစားလဲပြီး အနားပေးခဲ့ပါတယ်။
ဒီပွဲမှာ ထူးခြားချက်ကတော့ ပထမပိုင်းအပြီးမှာကတည်းက ယန်းဘွိုင်းစ်နောက်ခံလူ ကာမာရာက ဟာလန်းရဲ့ဂျာစီကို အသည်းအသန် တောင်းဆိုခဲ့တာပါ။ အဝတ်လဲခန်းထဲကို သွားရောက်နေချိန်မှာ ဟာလန်းကို ကာမာရာက အပြေးတစ်ပိုင်းနဲ့ ချဉ်းကပ်ခဲ့ပြီး ဂျာစီ ရရှိဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဟာလန်းကတော့ ဒီလုပ်ရပ်ကို နားမလည်နိုင်ဖြစ်ကာ ခေါင်းတယမ်းယမ်းဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ဂျာစီကိုချွတ်ကာ အဆိုပါ ပြိုင်ဘက်ကစားသမားကို ပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ဘောလုံးလောကမှာ ဟာလန်းရဲ့ အရှိန်အဝါ ကြီးမားလာတာကို သက်သေပြခဲ့တာလို့လည်း ပရိသတ်တွေက ယုံကြည်နေပါတယ်။