ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ဗီလာတိုက်စစ်မှူးဟောင်းအဘွန်လဟော်ကတော့ ယူနိုက်တက်နောက်ခံလူမာတီနက်ဇ်ကို အထင်ကြီးခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။ မာတီနက်ဇ်ဟာ လီဗာပူးလ်၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ အကောင်းဆုံးကစားသမားဆုတွေရရှိခဲ့ပြီး အမှန်တကယ်လည်းခြေစွမ်းပြနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူဖြစ်ပါတယ်။
အေဂျက်ဇ်ကနေ ပေါင် ၅၇ သန်းနဲ့ ရောက်ရှိလာတဲ့ မာတီနက်ဇ်ဟာ ရာသီအဖွင့်ပွဲ ၂ ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဗာရန်းနဲ့တွဲဖက်ကစားရချိန်မှာတော့ ပုံမှန်ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်၊ ဆောက်သမ်တန်တို့နဲ့ ပွဲတွေမှာ သူ့ရဲ့ အကောင်းဆုံးပုံစံကိုမြင်တွေ့ခဲ့ရပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားအဖြစ် ချက်ချင်းဖြစ်လာခဲ့ပါတယ်။
အဘွန်လဟော်က "ကွင်းပြင်ပေါ်မှာ၊ ဘောလုံးကိုင်ထားတဲ့အချိန်မှာ သူ အဆင်ပြေပါတယ်၊ ဒါပေမယ့် ဘောလုံးက လေထဲကိုရောက်ချိန်တိုင်းမှာ ချီအဒမ်စ်က (ဆောက်သမ်တန်နဲ့ပွဲကိုပြောဆို) သူ့ထက် ပိုကောင်းနေခဲ့တာပါ၊ ချီအဒမ်စ်က အဲဒီပွဲမှာ မာတီနက်ဇ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အချိန်တွေရှိပါတယ်၊ ဒီတော့ သူ့ကို ဒါဝင်နူနက်ဇ်၊ ဟာလန်းတို့လို ရုပ်ပိုင်းဆိုင်ရာ အားကောင်းတဲ့သူတွေနဲ့ ကစားရမယ့်အချိန်ကို ကျနော်တွေးမိပါတယ်"
"သူ ဒုက္ခတွေ့လိမ့်မယ်လို့ ကျနော်ထင်တယ်၊ သူ ဗာရန်းဆီကနေ အကူအညီလိုတာ ဒါမှမဟုတ် သုံးယောက်တန်းခံစ်ကစားဖို့အတွက် မက်ဂွိုင်းယားကို ထည့်သွင်းတာမျိုးတွေ လုပ်ရပါလိမ့်မယ်၊ ကျနော်သာ ကစားဖြစ်နေသေးတယ်ဆိုရင်လည်း သူ့ကိုပဲ ပစ်မှတ်ထားမှာ" လို့ ပြောဆိုခဲ့ကြောင်း talkSPORT က ဖော်ပြခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ပထမဆုံးနှစ်ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ကာရေဂါ၊ ဂျင်မီရက်နပ်တို့ရဲ့ ဝေဖန်မှုတွေကိုလည်း အပြင်းအထန်ခံခဲ့ရသူဖြစ်ပါတယ်။
အရပ် ၅ ပေ ၉ လက်မသာရှိလို့ ပရီးမီးယားလိဂ်မှာ ခံစစ်ကစားသမားဖို့ အဆင်မပြေဘူးလို့ အပြောခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဝေဖန်မှုတွေကို သူက ကွင်းတွင်းခြေစွမ်းနဲ့ သက်သေပြကာ ပြန်လည်တုံ့ပြန်နေပြီး ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်ရှိနေပြီဖြစ်ပါတယ်။