မန်စီးတီးမှာ ခေါင်းဆောင်စိတ်ဓာတ်မရှိဘူးလို့ ဝေဖန်ခဲ့တာကို တုံ့ပြန်ခဲ့တာပါ။

ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ အီဗရာနဲ့ ဘာဘာတော့ဗ်တို့က သူ့အသင်းအပေါ် ဝေဖန်ခဲ့တာတွေကို မန်စီးတီးနည်းပြဂွာဒိယိုလာက ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး မန်စီးတီးတို့ထွက်ခွာခဲ့ရတဲ့အပေါ်မှာ အီဗရာနဲ့ ဘာဘာတော့ဗ်တို့က ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အီဗရာက "မန်စီးတီးမှာက ခေါင်းဆောင်တွေလိုအပ်နေတာ၊ ဒါပေမယ့် ဂွာဒီယိုလာက ခေါင်းဆောင်တွေကိုမလိုချင်ဘူး၊ သူပဲ အရာရာကို ဦးဆောင်ချင်နေတာ၊ ဒါကြောင့်လည်း သူတို့တွေ ဒုက္ခရောက်တဲ့အချိန်ဆိုရင် ကွင်းထဲမှာ ကူညီမယ့်သူတွေမရှိတော့ဘူး" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘာဘာတော့ဗ်ကလည်း သူ့အမြင်ကို အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ 

"ပွဲပြီးခါနီးနောက်ဆုံးအချိန်မှာ သူတို့ နှစ်ဂိုးပေးခဲ့ရပြီးတော့ ခြေစွမ်းပိုင်းမကောင်းတဲ့ အသင်းငယ်တသင်းကသာ ပွဲပြီးခါနီးမှာ အဲဒီလိုမျိုးဂိုးတွေပေးလိုက်ရရင် သူတို့က အနိုင်ရလိုစိတ်မရှိတဲ့အသင်း၊ သိမ်ငယ်စိတ်ဝင်နေတဲ့အသင်းဆိုပြီး အပြောခံရမှာပါ" လို့ ဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုတွေကိုတော့ ဂွာဒီယိုလာက သာသာနဲ့နာနာပြန်လည်ထိုးနှက်သွားခဲ့ပါတယ်။ 

"သူတို့ပြောတဲ့ ခေါင်းဆောင်စိတ်ဓာတ်မျိုးကို သူတို့အသင်းနဲ့ ကျနော်ရင်ဆိုင်ရတုန်းက မတွေ့ခဲ့ရဘူး၊ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ သူတို့ကို ကျနော်က တစစီချိုးဖဲ့ခဲ့တုန်းက သူတို့ အခုပြောတဲ့ စိတ်ဓာတ်မျိုးကိုမတွေ့ရဘူးဗျ" လို့ ဂွာဒီယိုလာက ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ 

ဒါဟာ ၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာက ယူနိုက်တက်ကို အနိုင်ရတုန်းကအကြောင်းကို ဂွာဒိယိုလာက ပြန်ထောက်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ အီဗရာရော၊ ဘာဘာတော့ဗ်ပါ ပါဝင်ကစားခဲ့ပြီး ဘာစီလိုနာရဲ့ အနိုင်ယူခြင်းကိုခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က