ပွဲအပြီးမှာ ဂွါဒီယိုလာနဲ့ မက်ဒီဆင်တို့ စကားပြောခဲ့ကြတာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ လက်စတာ ကြယ်ပွင့် မက်ဒီဆင်တို့ဟာ မနေ့ညက လက်စတာနဲ့ မန်စီးတီးပွဲအပြီးမှာ နှစ်ယောက်အကြား စကားပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဒီဘရိုင်းရဲ့ တလုံးတည်းသော ဖရီးကစ်သွင်းဂိုးနဲ့ အနိုင်ယူပြီး ဒီကနေ့ည အာဆင်နယ်ပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။



မန်စီးတီးအနေနဲ့ လက်စတာကို အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် ပွဲကစားချိန်နှောင်းပိုင်းမှာ ချေပဂိုး ပြန်မပေးရဖို့ ရုန်းကန်ခဲ့ရပါသေးတယ်။ ပွဲအပြီးမှာတော့ ဂွါဒီယိုလာနဲ့မက်ဒီဆင်တို့ ရင်းရင်းနှီးနှီး စကားပြောခဲ့ပြီး အဲ့ဒီအချိန်က ဂွါဒီယိုလာ ပြောခဲ့တဲ့ စကားတွေကို မက်ဒီဆင်က ပြန်လည်ဖွင့်ဟခဲ့ပါတယ်။

အင်္ဂလန်လူမျိုး ကြယ်ပွင့် မက်ဒီဆင်က “ကျနော်တို့ နောက်ဆုံး (၁၅) မိနစ်မှာ ကစားခဲ့တဲ့ပုံစံမျိုးကို ဘာကြောင့် တပွဲလုံး မကစားခဲ့တာလဲဆိုပြီး ဂွါဒီယိုလာက လာမေးခဲ့တာပါ။ ကျနော့်အထင် သူ့အတွက် မလွယ်ကူဘူးဆိုတာကို သတိထားမိခဲ့ပုံပါပဲ။ ဒါပေမယ့် သူက ထိပ်တန်းအသင်းကို ကိုင်တွယ်နေတဲ့ ထိပ်တန်းနည်းပြတယောက်ပါ။ ဒီတော့ ဒါက အမြဲတမ်း ခက်ခဲကြမ်းတမ်းနေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအတွက် ဟာလန်း မပါဝင်နိုင်ခဲ့ဘဲ ပထမပိုင်းမှာလည်း ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာနာဒိုဆေးလ်ဗား၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ကန်ချက်တွေကိုလည်း လက်စတာဂိုးသမားက ကာကွယ်ခဲ့ရပါသေးတယ်။

ဒုတိယပိုင်းစပြီး မကြာခင်မှာတော့ မန်စီးတီးတို့ တလုံးတည်းသော အနိုင်ဂိုးရရှိခဲ့ပြီး ဒီဘရိုင်းက ဖရီးကစ်ကတဆင့် လှလှပပ ကန်သွင်းခဲ့တာပါ။ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဟာလန်းဟာ ဒဏ်ရာပြဿနာရှိနေပြီး လာမယ့် ကြားရက်မှာ ကစားမယ့် ဆီဗီလာနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲကိုပါ ဆက်လက် လွဲချော်ဖို့ သေချာနေပါတယ်။ 

Share

က္က